Home
မြန်မာသတင်း
မြင်းခြံပြည်သူ့စစ်များကို သိုင်းသင်ပေးနေသူနှင့် အုတ်ဖိုပျူစောထီးခေါင်းဆောင်တို့ ပစ်သတ်ခံရ
DVB
·
May 3, 2024
521906-507923-U-Yee-Mon-NUG-Defence-Minister-730x365-1-730x365-15

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်တွေကို ကိုယ်ခံပညာသင်ပေးနေတဲ့ ဓားတင်မောင် (ခ) ထွန်းထွန်းဝင်း သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် သင်တန်းတွေ ခေတ္တရပ်နားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာမှာ မေ ၁ ရက်က သားတပည့်တဦးရဲ့ မင်္ဂလာဆောင်က ပြန်လာစဥ် လမ်းခုလတ်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီးနောက် ပြည်သူ့စစ်သင်တန်းတွေကို ရပ်နားထားရတယ်လို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

“သူတပည့်မင်္ဂလာဆောင်ကအပြန် သေနတ်နဲ့ ဝိုင်းပစ်တာ၊ ပြည်သူ့စစ်တွေကို သိုင်းသင်ပေးတယ်၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေကိုလည်း သိုင်းသင်ပေးတယ်၊ အုပ်ချုပ်ရေးတွေနဲ့ ရင်းနှီးတော့ သူ့ကို ဒလန်ဆိုပြီး ပစ်သတ်သွားတာ။”

ဓားတင်မောင် (ခ) ထွန်းထွန်းဝင်းမှာ မြင်းခြံမြို့နယ် အမှတ် ၄ ရပ်ကွက်မှာ နေထိုင်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်တဦးဖြစ်ကာ ပြည်သူ့စစ်သင်တန်း၊ စစ်မှုထမ်းဆင့်ခေါ်ရေး ကိစ္စတွေမှာ အုပ်ချုပ်ရေးနဲ့ ပူးပေါင်းကာ ကူညီနေသူတဦးဖြစ်တယ်လို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

“သူ့နာမည်က ထွန်းထွန်းဝင်း၊ ဓားတင်မောင်ဆိုတာ သူ့အဖေနာမည်ပါအောင် ခေါ်ရင်း နာမည်တွင်သွားတာ။ ပြည်သူ့စစ်တွေကို သင်တန်းပေးတာရော စစ်မှုထမ်းဆင့်ခေါ်တဲ့အခါ လိုက်ပြီး ကူညီပေးတာတွေကြောင့် အသတ်ခံရတာ။ သူ့ကို အင်ဖော်မာ (သတင်းပေး) ဆိုတာ လူတိုင်းသိတယ်။”

မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးအဖွဲ့တွေ မကြာခဏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်သင်တန်းတွေ ပေးနေတာ ဖြစ်ပါတယ်။

ဒီလို ပြည်သူ့စစ်သင်တန်း ပေးနေပေမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဖလန်ပင်အုပ်စု၊ ရွာသစ်ကျေးရွာမှာ မေ ၂ ရက် နေ့လယ် ၁ နာရီလောက်က ရွာသစ်ကျေးရွာ ပျူစောထီးခေါင်းဆောင် မြင့်အောင်ကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုက နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

မြင့်အောင်က ရွာသစ်ကျေးရွာမှာ ရာအိမ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတွက် အတင်းအကျပ် စစ်သားစုဆောင်းတာတွေ ပြုလုပ်ပေးနေတာကြောင့် ရှင်းလင်းခဲ့ရတာလို့ တပ်ခွဲမှူး ဒေဝက ပြောပါတယ်။

“ရှင်းလင်းဖို့ စောင့်ကြည့်နေတာ နှစ်ပတ်လောက်ရှိပါပြီ။ သူကိုယ်တိုင်လည်း စစ်သင်တန်း တက်ထားသေးတယ်။ ဖလန်ပင်အုပ်ကြီးက ပြေးတာကြာပြီ။ သူက အုပ်ကြီးနေရာကနေ ဝင်လုပ်နေတာ ၆ လကျော်ပြီ။ သူက အရင်ကလည်း ဖလန်ပင်အုပ်စု ကြံ့ဖွံ့ ဥက္ကဋ္ဌပါ။ သူ့ကိုရှင်းပြီးတာနဲ့ ‌စကစဘက်က ချက်ချင်းရောက်လာပြီး ရွာထဲမှာ ဟိုပစ်ဒီပစ်နဲ့ ခြိမ်းခြောက်သွားတယ်။”

ပျူစောထီးခေါင်းဆောင် မြင့်အောင်ကို ဦးခေါင်းကို ၃ ချက်၊ ရင်ဘတ်ကို တချက် ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် မြင့်အောင်ဟာ ပြည်သူ့စစ်အတွက် အတင်းအကျပ် လူစုဆောင်းတာတွေအပြင် ဒေသခံတွေကို လက်နက်နဲ့ခြိမ်းခြောက်တာ၊ ငွေကြေးကောက်ခံတာ၊ တော်လှန်ရေးရဲဘော်တွေရဲ့ အချက်အလက်တွေနဲ့ စခန်းတည်နေရာတွေကို စစ်ကောင်စီထံ သတင်းပို့တာ၊ ကင်းပုန်းဝပ်စောင့်ဖမ်းတာ စတာတွေကြောင့် ရှင်းလင်းခဲ့တာလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013