ရုရှားကသာ ယူကရိန်းရှေ့တန်းစစ်မျက်နှာကို ဖောက်ထွက်လာမယ်၊ ယူကရိန်းကလည်း အကူအညီတောင်းမယ်ဆိုရင် စစ်သည်တွေ စေလွှတ်နိုင်ခြေရှိတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောကြားလိုက်ပါတယ်။
မက်ခရွန် အနေနဲ့ အရင်ပြောခဲ့ဖူးသလိုမျိုး အနောက်နိုင်ငံတွေက စစ်တပ်တွေ ယူကရိန်းကို စေလွှတ်ဖို့ သဘောထားကို ဆက်ကိုင်စွဲထား၊ မထား မေးခွန်းကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မေ ၂ ရက်က အီကောနောမစ်မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ အင်တာဗျူးမှာ မက်ခရွန်က “အခုတော့ အဲဒီလိုမဖြစ်သေးပေမဲ့ ရုရှားတွေသာ ရှေ့တန်းစစ်မျက်နှာကို ဖောက်ထွက်နိုင်ခဲ့ရင်၊ ယူကရိန်းကလည်း တောင်းဆိုမယ်ဆိုရင်၊ ဒီမေးခွန်းကို ကျနော်တို့ တရားဝင် ဖြေဆိုရတော့မှာပါ” လို့ ပြင်သစ်သမ္မတက တုံ့ပြန်ပါတယ်။
“သေချာတာပေါ့၊ ကျနော်ပြောခဲ့ဖူးသလိုပဲ ဘယ်နည်းလမ်းမှ ဖယ်ချန်မထားပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်နည်းမှ ချန်မထားတဲ့သူမျိုးနဲ့ ရင်ဆိုင်နေရလို့ပါ” လို့လည်း ဖြေကြားခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှား အနိုင်မရဖို့ဆိုတာ ရှင်းလင်းတဲ့ မဟာဗျူဟာ ရည်မှန်းချက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ရုရှားသာ ယူကရိန်းမှာ နိုင်သွားရင်၊ ဥရောပမှာ လုံခြုံရေး လုံးဝရှိတော့မှာမဟုတ်ဘူး။ ရုရှားက အဲဒီမှာပဲ ရပ်နေမယ်လို့ ဘယ်သူမှ ထင်နိုင်မှာမဟုတ်ဘူး။ မော်လ်ဒိုဗာ၊ ရိုမေးနီးယား၊ ပိုလန်၊ လစ်သူရေးနီးယားနဲ့ တခြားနိုင်ငံတွေအတွက် လုံခြုံရေး ဘယ်ရှိတော့မှာလဲ” လို့ မက်ခရွန်က သုံးသပ်ခဲ့ပါတယ်။
Source/Photo-Reuters