အမေရိကန်တက္ကသိုလ် အများအပြားမှာ တဲထိုးစခန်းချထားတဲ့ ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြကျောင်းသား အများအပြားကို ရဲတပ်ဖွဲ့က အင်အားသုံး ရှင်းလင်းနေပါတယ်။
မေ ၂ ရက်က ကယ်လီဖိုးနီယားတက္ကသိုလ်၊ အယ်လ်အေ (UCLA) က တဲစခန်းတွေကို အရုဏ်မတက်မီ မျက်ရည်ယိုဗုံးတွေ၊ လုံထိန်းကိရိယာတွေနဲ့ ဝင်ရောက်စီးနင်းမှုကတော့ နောက်ဆုံး အထင်ရှားဆုံးဖြစ်စဉ် ဖြစ်ပါတယ်။ UCLA နဲ့ တခြားကျောင်းတွေက ကျောင်းသားရာနဲ့ချီ အဖမ်းခံထားရပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ “ကျုပ်တို့ဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးမှု ရှိရမှာဖြစ်တယ်” လို့ UCLA စီးနင်းမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံသားတွေဟာ လွတ်လပ်စွာဆန္ဒပြခွင့် ရှိတယ်ဆိုတဲ့ အချက်ကိုတော့ ဘိုင်ဒင်က ထည့်ပြောပါတယ်။
အစ္စရေးရဲ့ ခုခံပိုင်ခွင့်ကို ထောက်ခံတဲ့ သမ္မတ ဂျိုးဘိုင်ဒင် အနေနဲ့ ဂါဇာမှာ သွေးထွက်သံယိုမှု အဆုံးသတ်ရေး ဒီထက်ပိုလုပ်ဖို့၊ အစ္စရေးအစိုးရကို ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေမှာ တက္ကသိုလ်ကြီးတွေက ရင်းနှီးမြှုပ်နှံထားတာတွေ ပြန်လည်ရောင်းချဖို့ ဆန္ဒပြကျောင်းသားတွေက တောင်းဆိုနေကြတာပါ။
ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ ဘိုင်ဒင်က ပထမဆုံးအကြိမ် သူ့သဘောထားကို ထုတ်ပြောရာမှာ “ဥပဒေနဲ့ ဆန့်ကျင်ပါတယ်။ အများပြည်သူနဲ့ ဆိုင်တာတွေကို ဖျက်ဆီးတာ၊ တရားမဝင် ကျော်နင်းတာ၊ ပြတင်းပေါက်တွေခွဲတာ၊ ကျောင်းဝင်းတွေပိတ်ပစ်တာ၊ အတန်းတွေ ဘွဲ့နှင်းသဘင်တွေ ပယ်ဖျက်တာ ဒါတွေဟာ ငြိမ်းချမ်းတဲ့ဆန္ဒပြမှု မဟုတ်ပါဘူး” လို့ ဆိုပါတယ်။
Source/Photo-Reuters