Home
နိုင်ငံတကာ
ဂါဇာတွင် ပျက်စီးသွားသည့်အိမ်ရာများ ပြန်ထူထောင်ရန် နှစ်ပေါင်း ၈၀ ခန့် အချိန်ယူရနိုင်
DVB
·
May 4, 2024
Gaza_04052024

ဂါဇာကမ်းမြောင်ဒေသရှိ ကျိုးကြေကွဲအက် ပျက်စီးနေတဲ့ နေအိမ်တွေကို ပြန်လည် တည်ဆောက်ဖို့ အနည်းဆုံး ၂၀၄၀ ပြည့်နှစ်အထိ အချိန်ယူရမှာဖြစ်ပြီး ဆယ်စုနှစ် များစွာကြာအောင် ဆက်သွားနိုင်တယ်လို့ မေ ၂ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာအရ သိရပါတယ်။

၇ လနီးပါး ကြာလာတဲ့ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါ်လာ ဘီလီယံနဲ့ချီကာ ပျက်စီးခဲ့ရပြီး လူစည်ကားလေ့ရှိတဲ့ ကမ်းမြောင်ဒေသရဲ့ အထပ်မြင့် ကွန်ကရစ် အဆောက်အအုံ အများအပြားဟာ ခုတော့ အမှိုက်ပုံကြီး ဖြစ်ကျန်ခဲ့လို့ ဒါကို လကို မြင်ရတဲ့ မြင်ကွင်းလို့ပဲလို့ ကုလသမဂ္ဂ အရာရှိ တဦး က ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေရဲ့ အသေအပျောက်များတဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခမှာ အိမ်ခြေပေါင်း ၈၀,၀၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပါလက်စတိုင်းတွေရဲ့ အချက်အလက်တွေက ပြသနေပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း သောင်းနဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဆောက်လုပ်ရေးပစ္စည်းတွေကို ၂၀၂၁ ခုနှစ် ဂါဇာ အကျပ်အတည်းတုန်းကလိုမျိုး ၅ ဆ ပိုပြီး မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးနိုင်မယ်ဆိုရင် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည် တည်ဆောက်ရေးဟာ ၂၀၄၀ ခုနှစ်မှာ အပြီးသတ် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ အဆောက်အအုံ အကဲဖြတ်ချက်တခုက ပြောပါတယ်။

ဒါပေမဲ့ ဂါဇာကမ်းမြောင်ဒေသဟာ အရင်ဖြစ်ပွားခဲ့ဖူးပြီးသား ဂါဇာပဋိပက္ခ အများအပြားရဲ့ လမ်းကြောင်းအတိုင်း ပြန်လည်တည်ဆောက်ရေး အရှိန်နှုန်းနဲ့ သွားရင်တောင် ပျက်စီးသွားတဲ့ အိမ်ရာယူနစ်အားလုံးကို ပြန်လည်ထူထောင်ဖို့က အကြမ်းဖျင်း နှစ်ပေါင်း ၈၀ လောက် အချိန် လိုအပ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ရဲ့ အကဲဖြတ်ချက်က ဆိုထား ပါတယ်။

အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာရှိ စာသင်ကျောင်းတွေရဲ့ ၈၅ ဒသမ ၈ ရာခိုင်နှုန်းဟာ ထိခိုက်မှု တချို့ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ခွဲခြမ်းစိတ်ဖြာထားတဲ့ ဂြိုဟ်တုပုံရိပ်တွေကို အခြေခံတဲ့ သီးခြားအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျောင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ အကြီးစား သို့မဟုတ် အလုံးစုံ ပြန်လည်တည်ဆောက်မှု လိုအပ်မှာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

UNDP ရဲ့ အကဲဖြတ်မှုဟာ စစ်ပွဲရဲ့ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုဆိုင်ရာ ခန့်မှန်းချက်ကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး လက်ရှိ ပဋိပက္ခကြာချိန်နဲ့ ဆယ်စုနှစ်ချီ ဒုက္ခတွေကို အခြေခံထားတာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013