ဘာကီးနာဖှာဆိုနိုင်ငံရဲ့ မြို့တော် ဝါဂါဒူးဂူရှိ အမေရိကန်သံရုံး အပြင်ဘက်မှာ မေ ၃ ရက်က ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး သူတို့စစ်အာဏာရှင်တွေအပေါ် ဝါရှင်တန်ရဲ့ သူတို့ စစ်အစိုးရအပေါ် ဝေဖန်မှုကြောင့် အမေရိကန်တွေကို အနောက်အာဖရိကနိုင်ငံကနေ ထွက်ခွာဖို့ ဒေါသတကြီး တောင်းဆိုခဲ့ကြပါတယ်။
ဖေဖော်ဝါရီလအတွင်း ဘာကီးနာဘေး တပ်ဖွဲ့ဝင်တွေဟာ ရာနဲ့ချီတဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်းနဲ့ တာဝန်ရှိတဲ့သူတွေကို တာဝန်ခံ ပေးဖို့ တောင်းဆိုကြောင်း ဖော်ပြထားတဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ပူးတွဲကြေညာချက် ကို ဧပြီ ၂၉ ရက်က ထုတ်ပြန်ခဲ့အပြီးမှာ ဒီဆန္ဒပြပွဲ ပေါ်ပေါက်လာတာပါ။
ဘာကီနာဘေး၊ ရုရှားနဲ့ မြောက်ကိုရီးယား အလံတွေကို ဝှေ့ယမ်းပြကြတဲ့ ဆန္ဒပြသူတွေဟာ အီရတ်စစ်ပွဲနဲ့ ဂါဇာရှိ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ အမေရိကန်က အားပေး ထောက်ခံမှု တို့ကို ထောက်ပြပြီးတော့ အမေရိကန်ဟာ ဟိုတမျိုးဒီတမျိုး စံ ၂ ထပ် ကျင့်သုံးတဲ့ အရေခြုံလို့ စွပ်စွဲကြပါတယ်။
“ဒါက ခြယ်လှယ်မှုပါ။ စစ်တပ်က လူတွေကို သတ်ဖြတ်နေတတယ်လို့ ပြောတာဟာ လုံးဝကို လွဲမှားနေပါတယ်။ လစ်ဗျားကို မီးရှို့တဲ့ အမေရိကန်နဲ့၊ ဆီးရီးယားကို မီးရှို့ခဲ့တဲ့ အမေရိကန်နဲ့ အတူတူပဲ။ ပါလက်စတိုင်းမှာလည်း ဂါဇာကမ်းမြောင်ကို မီးရှို့နေတာ အမေရိကန်ပဲ”လို့ အမည်မသိ ဆန္ဒပြသူက ပြောပါတယ်။
မနှစ်က အာဏာသိမ်းခဲ့တဲ့ ဘူရ်ကီးနာဖှာဆို စ်အာဏာရှင်တွေဟာ ရုရှားကို မိတ်ဖက်အဖြစ် လက်ခံဖို့ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်မှာ အနောက်နိုင်ငံတွေရဲ့ဖိအားကို သိသိသာသာ ပိုမို ဖီဆန်လာခဲ့ကြပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ မကြာသေးမီက အစီရင်ခံစာတခုမှာ ဘာကီနာဘေး စစ်သားတွေဟာ နိုင်ငံမြောက်ပိုင်းမှာ အရပ်သား ၂၀၀ ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး စစ်အစိုးရကတော့ အဲဒီစွပ်စွဲချက်တွေဟာ သူ့တပ်ဖွဲ့တွေကို အသရေဖျက်တဲ့ အလိမ်အညာတွေ ဆိုပြီး ပယ်ချခဲ့ပါတယ်။
ဝါဂါဒူးဂူအစိုးရဟာ သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေအပေါ် သတင်းဖော်ပြတဲ့ နိုင်ငံတကာ မီဒီယာအများအပြားကို လုပ်ငန်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းထားပါတယ်။
Source/Photo - Reuters