ပါကစ္စတန်နိုင်ငံ မြောက်ဖျားမှာ မေ ၃ ရက် အစောပိုင်းမှာ ဘတ်စ်ကား တစင်း လျှိုထဲ ပြုတ်ကျပြီး ခရီးသည် အယောက် ၂၀ သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၂၁ ဦးကို ကယ်ဆယ်ပြီး ဆေးရုံပို့ဆောင်ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဘတ်စ်ကားဟာ ပါကစ္စတန်အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၊ ခံတပ်မြို့ ရာဝယ်လ်ပင်ဒီကနေ တောင်ထူထပ်တဲ့ မြောက်ပိုင်းဒေသ ဂီလ်ဂစ်-ဘာလ်တီဆန်ဒေသကို ထွက်ခွာလာစဉ် သောကြာနေ့ အစောပိုင်းက စောက်နက်တဲ့ လျှိုကြီးထဲ ပြုတ်ကျခဲ့တာပါ။
အသေအပျောက်များတဲ့ ယာဉ်မတော်တဆမှုတွေ ပါကစ္စတန်မှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယာဉ်စည်းကမ်းမလိုက်နာတာ၊ ကျေးလက်ဒေသတွေက လမ်းတွေဆိုးရွားတာက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။
ကမ္ဘာမှာ အမြင့်ဆုံးတောင်တန်းတွေရှိတဲ့ နိုင်ငံမြောက်ပိုင်းက ကြမ်းတမ်းတဲ့မြေပြင်တလျှောက် လမ်းဖောက်လုပ်မှုတွေ အကြီးအကျယ်လုပ်ခဲ့ပေမဲ့ ကမ်းပါးတွေပေါ်မှာ ဖောက်ထားတဲ့ ကျဉ်းမြောင်းတဲ့ လမ်းတွေဟာ အန္တရာယ်ကြီးနေဆဲဖြစ်ပါတယ်။
Source/Photo - Reuters