Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ပြည်သူ ၃၀ ကျော် ဖမ်းခံရ၊ ရေဦးတွင် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနေ
DVB
·
May 4, 2024
catch 452024

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်း စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ အယောက် ၃၀ ထက်မနည်း ဖမ်းဆီးခံရသလို စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာလည်း ဒေသခံတွေကို အကြောင်းမဲ့ ဖမ်းဆီးနေပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ၂ လအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့အတွက် ဖိအားပေး မဲနှိုက်တာတွေ၊ စာရင်း ကောက်တာတွေ၊ ငွေကောက်ခံတာတွေ လုပ်ခဲ့ရာ အဲဒီကိစ္စနဲ့ ဆက်စပ်ပတ်သက်လို့ ဖမ်းဆီးခံရတဲ့ အရပ်သား အယောက် ၃၀ ထက်မနည်း ရှိခဲ့သလို ရေကြည်မြို့နယ်၊ အသုတ်မြို့က အမျိုးသမီးတယောက်ကိုလည်း စစ်မှုထမ်းတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ရေးခဲ့လို့ ဧပြီ ၂၉ ရက်မှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံထားရသူတွေက စစ်ကောင်စီကို စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်လို့ အဖမ်းခံရတာများတယ်။ လူငယ်တွေကို စစ်မှုထမ်းဖို့စာရင်း ကောက်တာ၊ မဲနှိုက်ရွေးချယ်တာတွေ လုပ်လာခဲ့တာ။ လက်မခံတော့ အဖမ်းခံရတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက  ကန်ကြီးထောင့်၊ ဖျာပုံ၊ အိမ်မဲ၊ ပုသိမ်၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ ကြံခင်း၊ လပွတ္တာ၊ ဘိုကလေး၊ ကျိုက်လတ် စတဲ့မြို့နယ်တွေကနေ အသက် ၁၇ နှစ်ကနေ ၂၅ နှစ် အတွင်း လူငယ်တွေ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ကျိုက်လတ်ဒေသခံတယောက်က “အသက် ၁၈ ကျော်ကျော်သာရှိသေးတဲ့ ကောင်လေးဆို စစ်ကောင်စီတပ်ထဲမှာ စစ်မှုထမ်းမယ့်အစား PDF ထဲဝင်မယ်ဆိုပြီး ပြောလို့ အဖမ်းခံရတာ။ စစ်သားတွေ လာဖမ်းတော့ ရိုက်နှက်ခံရသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စတင် အသက်သွင်း အကောင်အထည်ဖော်လာပေမဲ့ ဧရာဝတီတိုင်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက မြို့ပေါ်နဲ့ ကျေးလက်နေပြည်သူတွေကို အဓမ္မလူစုပြီး စစ်သင်တန်းတက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ မဲပေါက်သူတွေ ထွက်ပြေးရင် မိသားစုကို အရေးယူမယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက်နေတာကြောင့် စိတ်ဒုက္ခရောက်နေရတယ်လို့ စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ ဒေသခံလူငယ်တွေက ဆိုပါတယ်။

ရေကြည်မြို့နယ်၊ အသုတ်မြို့မှာတော့ အမျိုးသမီးတဦးကို အသုတ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ဧပြီ ၂၉ ရက်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသုတ်မြို့၊ အောင်ဇေယျလမ်းနေ အသက် ၃၀ အရွယ် ဒေါ်ခင်လေးမေဟာ  ‘စစ်မှုထမ်း ခေါ်ဆောင်ခံရသူ၏ မိသားစုများအား စစ်ကောင်စီမှ ထောက်ပံ့မှုမရှိ၍ ကျေးရွာများက ငွေစုထောက်ပံ့ရ၊ အသုတ်မှာ တစ်အိမ်ထောင် တစ်သောင်းထည့်ရတယ်’ လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးခဲ့လို့ အသုတ်ရဲစခန်းက ရဲအုပ်သက်စိုးဦးက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ ‌ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နိုင်ငံရေးလေ့လာသူ တယောက်က “လူမှုကွန်ရက်တင်လို့ ဖမ်းတာကြားတယ်။ ရပ်ကွက်တွေ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့၊ ပြည်သူ့စစ်ဆိုပြီး ရပ်ကျေးတွေ ကောက်ခံနေတာလေ။ အနည်းဆုံး ငါးထောင်က အများဆုံး သုံးသောင်း လောက်အထိ ကောက်ခံနေတာ တကယ်ဖြစ်နေတာ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒေါ်ခင်လေးမေဟာ မိသားစုနဲ့ တွေ့ဆုံခွင့်မရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်တုန်းက အသုတ်မြို့က NLD ရပ်ကျေးပါတီဥက္ကဋ္ဌတယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ရိုက်နှက်ခံရလို့ သေဆုံးခဲ့သလို စစ်မှုထမ်းဥပဒေကို ဝေဖန်တဲ့ ကြံခင်းမြို့နယ်က ရဲဝန်ထမ်းဟောင်းကိုလည်း ကြံခင်းရဲတပ်ဖွဲ့က ဖမ်းရိုက်နှက်လို့ ဖမ်းဆီးခံရပြီး နာရီပိုင်အကြာမှာ သေဆုံးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြိုနယ်မှာတော့ ပြည်သူတွေကို စစ်ကောင်စီတပ်က နေ့တိုင်းလိုလို ဖမ်းဆီးနေပြီး မြို့ပေါ်က ပြည်သူတွေရော မြို့ပေါ်ကို ဈေးလာဝယ်တဲ့ နယ်က ပြည်သူတွေပါ ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေဦးမြို့နယ် လွှတ်တော်အမတ် ဦးမြင့်ထွေးက “ဒီ မေလ ၁ ရက်‌နေ့ကနေ မေလ ၃ ရက်‌နေ့အတွင်း ဒီသတင်းတွေက  နေ့တိုင်းလိုလို ကျနော်တို့ဆီ ရောက်တယ်။ ဖမ်းဆီးသူတွေကို ငွေနဲ့ ပြန်အရွေးခိုင်းပြီး ပြန်လွှတ်တာတွေလည်းရှိတယ်။ ပေးခဲ့ရတဲ့ ငွေပမာဏကတော့ ၁၀ သိန်းအထက်မှာရှိတယ်လို့လည်း သိရတယ်။ ဒီရက်ပိုင်းအတွင်း ဒီကောင်တွေ ဖမ်းဆီးတာ ပိုပြီး ခပ်စိပ်စိပ်လုပ်လာတယ်။ ကျနော်တို့ သိရသလောက်တော့ ၅၀ ကျော်ဖမ်းဆီးခံထားရတယ်။ ဖမ်းဆီးခံရတဲ့သူတွေက အမျိုးသားများဖြစ်ပြီး လူငယ်များနဲ့ လူလတ်ပိုင်းတွေဖြစ်တယ်” လို့ ပြောပါတယ်။

ပြစ်မှုမရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးတဲ့၊ ဖမ်းခိုင်တဲ့  ဘယ်လိုပုဂ္ဂိုလ်မျိုးမဆို တာဝန်ယူ၊ တာဝန်ခံရလိမ့်မယ် လို့လည်း သူက ဆက်ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ရေဦး အထက်တန်းစာသင်ကျောင်းမှာ ချုပ်နှောင်ထားပြီး မိသားစုတွေနဲ့လည်း တွေခွင့်မပေးဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013