တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာ မေ ၂ ရက်က ပိတ်မိနေတဲ့ကားတွေကို ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဒီနေ့ မေ ၃ ရက်မှာ ရောက်ရှိလာတဲ့ ကားတွေကိုတော့ တိုက်ပွဲအခြေအနေအရ ခေတ္တာရပ်နားခိုင်းထားတယ်လို့ နဂါးမဲစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
“တိုက်ပွဲအတွင်းမှာ ကျည်တွေက ဖြတ်နေတာ။ ခရီးသွားပြည်သူတွေကို မတော်တဆ ထိခိုက်မှာစိုးလို့ ခဏတားထားတာပါ။ မနေ့ကကားတွေကိုတော့ အကုန်ဖြန်သန်းခွင့်ပေးလိုက်ပြီ။ ဒီကနေ့မှရောက်လာတဲ့ ကားတွေကိုတော့ အခြေအနေအရ ဖြတ်သန်းခွင့်ပြုနေတယ်။”
ပုလောမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းမပေါ် ထမင်းမစားကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက မေ ၂ ရက် ၇ နာရီဝန်းကျင်လောက်မှာ တိုက်ခိုက်ခဲ့ပါတယ်။
ထမင်းမစားကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ထားဝယ်ဘက်ကဆင်းလာတဲ့ ကားတွေ ပြည်ခြားရွာမှာ ပိတ်မိနေခဲ့ပြီး မြိတ်ကနေတက်လာတဲ့ ကားတွေဟာ ပုလောတံတားနဲ့ ၇ မိုင်မှာ ပိတ်မိနေခဲ့တယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
အဆိုပါတိုက်ပွဲဟာ ညနေ ၅ နာရီအထိ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ထက်မနည်း ထိခိုက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၂ ဦးသေဆုံးကာ ၈ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မကျည်းကုန်း စစ်ဆေးရေးဂိတ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး နန်းပရုပ်ဘက်ရှိ တောကို မီးရှို့ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။
ထမင်းမစားရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းမှာ အင်အား ၃၀ ခန့်ရှိပြီး ဒီကနေ့မှာ နောက်ထပ် စစ်ကူရောက်လာကာ အင်အားပြန်လည်ဖြည့်တင်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။