Home
မြန်မာသတင်း
ကျီးကန်းပြင်ဌာနချုပ်ကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ ထွက်ပြေး
DVB
·
May 3, 2024
wap 1 352024

တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၁ နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်မှ စစ်ကောင်စီတပ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးသွားပြီး ရက္ခိုင့်တပ်တော် (AA) က မေ ၂ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးအပတ်ကနေ စတင်ပြီးတော့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရင်းတွေကို သိမ်းပိုက်ရရှိဖို့ AA က ထိုးစစ်အရှိန်မြှင့်လာတာကြောင့် ကျီးကန်းပြင်ဌာနချုပ်မှ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာလို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အေအေဘက်ကနေ ထိုးစစ်ဆင်ပြီးတိုက်နေတာက တပတ်လောက်ရှိပြီ။ စစ်ကောင်စီ တပ်သား​​တွေ အသေအပျောက်များတယ်။ ကျီးကန်းပြင်ဌာနချုပ်နဲ့  လှဖိုးခေါင်စစ်စခန်းက စစ်ကောင်စီတပ်သားတွေက ထိုးစစ်ကြောင့် စခန်းကို စွန့်ပြီးတော့ ထွက်ပြေးသွားကြတယ်။ ကျီးကန်းပြင်ဌာချုပ်နဲ့ လှဖိုးခေါင်ကိုတော့ AA ဘက်ကနေ သိမ်းထားလိုက်ပြီ။” 

ကျီးကန်းပြင်ဌာနချုပ်မှာ စစ်ကောင်စီတပ် အင်အား ၆၀၀ လောက်ရှိပြီး စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးဘဲ ၅၀ လောက် လက်နက်ချတယ်လို့ AA နဲ့နီးစပ်သူက ပြောပေမဲ့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စကခ ၁၅ ဌာနချုပ်၊ ခမရ ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၆၅ တပ်တွေအခြေစိုက်ပြီးတော့ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၃၃၊ ၂၃၄၊ ၂၆၃ တို့နဲ့အတူ အမြှောက်တပ်ရင်း အမတ ၃၇၈ တို့ပါ တပ်စွဲထားပါတယ်။

ဒီတပ်ရင်းတွေထဲက ခမရ ၅၅၂ နဲ့ ၅၆၄ တို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးတော့ စကခ ၁၅ လက်အောက်ခံတပ်စခန်းအားလုံးကို  ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကနေ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေနဲ့ အပြင်းအထန် ခုခံကာကွယ်လျက်ရှိပါတယ်။

“AA ဘက်ကနေ ထိုးစစ်ဆင်နေတော့ စစ်ကောင်စီဘက်ကနေ ARSAနဲ့ ARA တို့ကို လက်နက်ပေးပြီးတော့ တိုက်ခိုင်းတာတွေပါရှိတယ်။ ဒေသခံတွေလည်း စစ်ကောင်စီပါ၊ ARSA ပါ အကုန်ကြောက်နေကြရတယ်။ မောင်တောမြို့ထဲမှာလည်း ခိုးတာ၊ လုတာတွေအပြင် ဘူးသီးတောင်မှာ နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူတွေကို သတ်နေတာပါ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တောတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ ARSA၊ ARA တို့လို လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ပေးပြီး AA ဘက်ကို တိုက်ခိုင်းထားပြီးတော့ ရခိုင်ဒေသတွင်း လူမျိူးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင်လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ မောင်တောမြို့မှာ ပိတ်မိနေတဲ့ ပြည်သူတွေရှိပြီးတော့ စစ်ကောင်စီက မြို့အဝင်အထွက်တွေကိုပါ ပိတ်ထားပြီးတော့ ခိုးဆိုးလုယက်အပါအဝင်၊ အရပ်သားနေအိမ်များကို မီးရှို့မှုအပါအဝင် ရာဇဝတ်မှု များပြာလာတာကြောင့် ဧပြီ ၂၆ ရက်ကစတင်ကာ ညမထွက်ရအမိန့်ကို ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

သာဇံမောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013