ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာမှာ မိုးကြိုးပစ်ခတ်ခံရပြီး နွားအကောင် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၂ ရက် မနက်က မိုးကြိုးပစ်ချခဲ့တဲ့အတွက် သစ်ပင်အောက်မှာ အိပ်ပျော်နေတဲ့နွားတွေ သေဆုံးခဲ့တာလို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
“မိုးကြိုးက မနက် ၃ နာရီလောက်ကြီး ပစ်သွားတာ။ သဖန်းပင်ကိုပစ်တာ။ သဖန်းပင်အောက်မှာ အိပ်နေတဲ့ နွားတွေ မိုးကြိုးစက်ကွင်းမိပြီး သစ်ပင်အောက်ကနွားတွေ အကုန်သေကုန်တယ်။ အားလုံးပေါင်း အကောင် ၂၀ ကျော်တယ်။”
မိုးကြိုးပစ်ခံရတဲ့ နွားအကောင် ၂၀ ကျော်ဟာ အမှတ် ၅ ရပ်ကွက် မူလတန်းကျောင်းအနီး နေထိုင်တဲ့ ဦးဒေါင်ခေါင်ရဲ့ နွားတွေဖြစ်ကြောင်း သိရပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လက ဆိုင်ကယ်အရောင်းဆိုင် မိုးကြိုးပစ်ခံရပြီး အရောင်းစာရေးမ ၂ ဦး သေဆုံးခဲ့ပါတယ်။