Home
မြန်မာသတင်း
အမျိုးသားများကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်လိုက်သဖြင့် လုပ်သားစျေးကွက်ထိခိုက်
DVB
·
May 3, 2024
MyanmarWorkers_03052024

ပြည်ပကို အမျိုးသားတွေ သွားရောက်လုပ်ကိုင်ခွင့် ပိတ်လိုက်တာကြောင့် လုပ်သားစျေးကွက် ထိခိုက်မှု ရှိလာနိုင်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်ကိစ္စတွေ ပိုမိုအချိန်ယူစိစစ်နိုင်ဖို့နဲ့ တခြားအခြေအနေတွေ အရ ယာယီပိတ်တာဖြစ်တယ်လို့ အတည်ပြု သတင်းထုတ်ပြန်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့ အလုပ်သမားတွေကြားမှာ ရိုက်ခတ်မှုတွေ ရှိနေပါတယ်။

အဲဒီလို အမျိုးသားလုပ်သားတွေကို ပြည်ပထွက်ခွင့်ပိတ်လိုက်တာကြောင့် သက်ဆိုင်ရာ အလုပ်ခေါ်မယ့်နိုင်ငံတွေ အနေနဲ့ တခြားနိုင်ငံသား အလုပ်သမားတွေကို အစားထိုး ခေါ်ယူတာမျိုးတွေ ဖြစ်လာနိုင်လို့ စျေးကွက်ဆုံးရှုံးနိုင်တယ်လို့ အေဂျင်စီလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

ရန်ကုန်မြို့နေ အေဂျင်စီလုပ်ငန်းရှင်တဦးက “ပိတ်တဲ့ကာလ ကြာတာနဲ့အမျှ တဖက် လုပ်သားစျေးကွက် ပျောက်ဆုံးမှုများနိုင်တယ်။ အလုပ်ရှင်တွေ အရေးကြီးရင် တခြားနိုင်ငံတွေကနေ ခေါ်မှာပဲ။ အခုထိတော့ အလုပ်သမားခေါ်မယ့်နိုင်ငံတွေက ဒီအခြေအနေ ဆက်သွယ်မေးမြန်းတာ မရှိသေးဘူး။ အေဂျင်စီတွေအပေါ်လည်း အနည်းနဲ့အများ ထိခိုက်ဆုံးရှုံးမှုတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အမျိုးသားလုပ်သားတွေရဲ့ အလုပ်ခေါ်စာအသစ်တွေကို ယာယီရပ်နားလိုက်ပေမဲ့ ခေါ်စာကျပြီးသားသူတွေကိုတော့ ဆက်လက်သွားရောက်ခွင့် ပြုထားတယ်လို့ အေဂျင်စီတွေက ဆိုပါတယ်။

အဲဒီလို ရပ်နားမယ့်အကြောင်းကို တရားဝင် စာထုတ်ကြေညာတာ မရှိဘဲ မေ ၁ ရက်က  စစ်ကောင်စီ အလုပ်သမားဝန်ကြီးက ရန်ကုန်မှာ အေဂျင်စီတွေကို ခေါ်ယူအသိပေး ပြောကြားခဲ့တာလို့ သိရပါတယ်။

နောက်ထပ် အေဂျင်စီလုပ်ငန်းရှင်တဦးက “ပြောတာကတော့ အပြီးပိတ်တာမဟုတ်ဘူး။ တလ၊ နှစ်လလောက်ပေါ့။ အခုက စစ်မှုထမ်းကိစ္စကြောင့် ပြည်ပထွက်မယ့်သူတွေ ပြုံနေတာကို စိစစ်ဖို့ နည်းလမ်းရှာမယ့်သဘော။ နိုင်ငံခြားသွားတဲ့ အလုပ်သမားတွေရဲ့ ဝင်ငွေက နည်းတာမဟုတ်တော့ ကြာကြာပိတ်ထားမယ်လို့တော့ မထင်ဘူး” လို့ ပြောပါတယ်။

အဲဒီလို အမျိုးသားလုပ်သားတွေရဲ့ အလုပ်ခေါ်စာအပေါ် ယာယီပိတ်လိုက်တာကြောင့် ပြည်ပထွက်ဖို့ ပြင်ဆင်နေတဲ့ အလုပ်သမားတွေကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

တောင်ကိုရီးယားနိုင်ငံကို သွားဖို့ စောင့်ဆိုင်းနေသူတဦးက “ကျနော်တို့က ထွက်ရမှာလား၊ မထွက်ရဘူးလား မသိတော့ဘူး။ POEA (အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ) ကလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ အသိပေး၊ ရှင်းလင်းတာ မရှိဘူး။ အခု EPS စာမေးပွဲသမားတွေဆို ဆက်ဖြေရမလား၊ မဖြေရဘူးလားနဲ့ ဇဝေဇဝါဖြစ်နေကြပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပရောက် အလုပ်သမားတွေဆီက မိသားစုဆီပို့ငွေ၊ ဝင်ငွေခွန်တို့က တဆင့် နိုင်ငံခြားငွေရရှိဖို့ အသည်းအသန် ကြိုးစားနေသလို တဖက်မှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး လူသစ်စုဆောင်းနေတာ ဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာလိုသူတွေ များပြားလာတာကြောင့် ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားလာတာ ဖြစ်တယ်လို့ အလုပ်သမားအရေး စောင့်ကြည့်သူတွေက ဆိုပါတယ်။

ပြည်ပသွားရောက်မယ့် အလုပ်သမားတွေရဲ့ အလုပ်ခေါ်စာတင်ပြမှုကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း ပိတ်ခဲ့ဖူးပြီး အဲဒီတုန်းက အမျိုးသား​တွေအပြင် အမျိုးသမီးတွေလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီတုန်းက နှစ်ရက်လောက်ပဲ အလုပ်ခေါ်စာတင်ပြခွင့် ရပ်ခဲ့ပြီး နောက်တော့ ပုံမှန် ဆက်လက်ခွင့်ပြုခဲ့ရာကနေ အခု အမျိုးသားလုပ်သားတွေ အပိတ်ခံရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း လင့်ခ်…

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013