ကရင်နီ (ကယား)ပြည်နယ်မှာ ဖော်ဆောင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီး ၅ လကျော် ကြာလာတဲ့အထိ လွိုင်ကော်မြို့တော်ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမဲ့ စစ်ဆင်ရေး မူလရည်မှန်းချက်တချို့ အောင်မြင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးဟာ မေလ ဒုတိယအပတ်ထဲမှာ ၆ လပြည့်မြောက်မှာဖြစ်ပေမဲ့ လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးတဲ့အတွက် ဒေသခံတွေနဲ့ မြေပြင်စစ်ရေးသုံးသပ်သူတွေက ဝေဖန်နေတဲ့အပေါ် KNDF ဒုစစ်ဦးစီးချုပ်မာဝီက DVB မြေပြင်သတင်းထောက်နဲ့တွေ့ဆုံစဉ် တုံ့ပြန်ပြောဆိုခဲ့တာပါ။
“၁၁၁၁ စစ်ဆင်ရေးရဲ့ ပထမရည်မှန်းချက်က စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား အားလုံး ပြိုကျစေရေး ဖြစ်ပါတယ်။ အဲ့ရည်မှန်းချက်နဲ့ လုပ်ဆောင်ခဲ့တာမှာလည်း အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့က ပြည်သူတွေ စစ်ရှောင်ရတယ်၊ အိုးအိမ်ပျက်စီးရတာတွေ ရှိပါတယ်။ ဒုတိယရည်မှန်းချက်တွေ လာပါလိမ့်မယ်။ တတိယရည်မှန်းချက်တွေ လာပါလိမ့်မယ်။ ကျနော်တို့ စစ်တိုက်တာက ဝရုန်းသုန်းကား လုပ်လို့မရပါဘူး။ ပထမရည်မှန်းချက်က ကရင်နီဒေသက စစ်ကောင်စီယန္တရား ပြိုကျစေရေး ဖြစ်ပြီးတော့ တကယ်လဲပြိုကျသွားပါတယ်။ ဒုတိယကတော့ ကရင်နီမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို အပြီးသတ် ချေမှုန်းနိုင်ဖို့ ဖြစ်တယ်။ နောက်တခုကတော့ ကျနော်တို့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ထူထောင်နိုင်ဖို့တွေ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ တဆင့်ချင်း သွားနေပါတယ်။ တဆက်တည်းမှာပဲ ပြည်သူလူထုတွေအနေနဲ့ ပျက်စီးဆုံးရှုံးတာတွေကို သည်းခံနားလည်ပေးဖို့ အသိပေးချင်ပါတယ်။”
စစ်ပွဲတွေ ရှည်ကြာလာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ ရှားပါးလာတာကြောင့် နေရပ်ပြန်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင် စားသောက်ခွင့်တွေ လိုအပ်နေပြီး လက်နက်ကိုင်ထားရင် စည်းလုံးဖို့လိုတယ်လို့ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုမြို့နယ် တနေရာမှာ စစ်ရှောင်နေရတဲ့ ပြည်သူတဦးက ပြောပါတယ်။
“ကျနော်တို့သည် စစ်ရေးကို လုံးဝနားမလည်ပေမဲ့ တော်လှန်ရေးအစကတည်းက စစ်တပ်အုပ်ချုပ်မှုကို မကြိုက်တာကြောင့် တတ်နိုင်တဲ့ နေရာကနေ တတ်နိုင်သလောက် တော်လှန်ရေးမှာ ပါဝင်ခဲ့တာပါ။ အခု ၃ နှစ်ကျော်လာပြီဆိုတော့ အလှူရှင်ကလည်း မရှိ ရှိတာလေးတွေနဲ့ပဲ စားသောက်နေရတော့ အိမ်ပြန်ပြီး အလုပ်လုပ်ဖို့က လိုအပ်လာပြီ။ ၁၁၁၁ မှာ လွိုင်ကော်ကို သိမ်းလို့ရပြီ ထင်ထားပေမဲ့ တချို့ရဲဘော်တွေက အရက်ဆိုင်တွေမှာပဲ။ သေနတ်ပါတာနဲ့ အကုန်လုံးကို ကြောက်နေရတော့တာပဲ။ စစ်ပွဲတွေ မြန်မြန်ပြီးမှ ကျနော်တို့ အိမ်ပြန်ရမှာ။ စစ်ပွဲတွေပြီးဖို့ ရဲဘော်တွေ စည်းလုံးဖို့ တကယ်လိုနေပါပြီ။”
စည်းလုံးမှုအားနည်းတာနဲ့ တပ်ဖွဲ့အချင်းချင်းကြားမှာ ဖြစ်နေတဲ့ အဆက်အသွယ် မမိတာတွေက ၁၁၁၁ စစ်ဆင်ရေးရဲ့ အားနည်းချက်ဖြစ်ပြီး လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ရေးကလည်း မြို့သိမ်းတိုက်ပွဲတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်တယ်လို့ ကရင်နီပြည်နယ် တနေရာက စစ်ရေးသုံးသပ်သူတဦးက ပြောပါတယ်။
“ကရင်နီပြည်နယ်က သေးသေးလေးပါ။ ဒီလိုနေရာမျိုးမှာ တကယ်သာ အင်တိုက်အားတိုက်နဲ့ လုပ်ကြမယ်ဆိုရင် ဒီထက်အများကြီး ပိုဖြစ်နိုင်ခြေ ရှိတာပေါ့။ နယ်မြေသေးသေးလေးမှာ အဖွဲ့တွေက အများကြီးပဲ။ သူတို့ကြားမှာလည်း လိုက်လျောညီထွေမှု မရှိတာပါတာပေါ့။ မဖြစ်မနေ အားလုံး စုစည်းရမယ်၊ လုပ်ရမယ် ဆိုတာကတော့ နေရာတိုင်းမှာ အလုပ်မဖြစ်ဘူးလေနော်။ ဒါပေမဲ့လည်း လိုက်လျောညီထွေရှိဖို့တော့ လိုတယ်လေ။ တချက်တည်းနဲ့ သုံးသပ်ရရင်တော့ အဲဒါပဲ။ နောက်ဆက်တွဲတွေက အနောက်ကနေ အလျင်မီအောင် လက်နက်ခဲယမ်း မဖြည့်တင်းပေးနိုင်တာတွေလည်း ရှိတာပေါ့လေ။ တပ်ပေါင်းစု သွားတိုက်တယ်ဆိုပေမဲ့ ဆိုပါစို့ ၁၀ ဖွဲ့သွားတိုက်ရင် ဘယ်နေ့ဘယ်ရက်မှာ အပြီးသိမ်းမယ်၊ အဲမှာ ဘာလိုတယ်၊ ဘယ်သူကတော့ ဘာလုပ်၊ ဘယ်သူကတော့ ဘာတာဝန်ယူ ဆိုတာမျိုး အရမ်းအားနည်းနေတယ်လို့ ထင်တယ်။ အတူတူ ပူးပေါင်းလုပ်ဆောင်နေရင်းကနေ ကြာသထက်ကြာလာရင် ပြည်သူတွေအတွက်တော့ မကောင်းဘူး။”
တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ နှစ်ဖက်စစ်ပွဲတွေနဲ့ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် လူဦးရေ ၃ သိန်းကျော် စစ်ဘေးရှောင်နေကြရပြီး မြေပြင်တော်လှန်ရေးတပ်တွေဘက်ကလည်း စစ်ကောင်စီယန္တရားကို ဖြိုချနိုင်ဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။