မိုက်ခရိုဆော့ဖ်နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းဟာ အာရှမှာ သူ့ရဲ့ မျိုးဆက်သစ် ဉာဏ်ရည်တု (AI) နည်းပညာကို မြှင့်တင်ဖို့ ကုမ္ပဏီရဲ့ နောက်ဆုံး တွန်းအားပေးမှုအတွင်း Cloud နဲ့ AI ဝန်ဆောင်မှုတွေကို တိုးချဲ့ဖို့ မလေးရှားနိုင်ငံမှာ လာမယ့် ၄ နှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ မေ ၂ ရက်မှာ ပြောလိုက်ပါတယ်။
မလေးရှားမြို့တော် ကွာလာလမ်ပူမှာ မိန့်ခွန်းပြောရင်း မိုက်ခရိုဆော့ဖ်ရဲ့ CEO ဆာတီယာ နာဒယ်လာက ခုလို ပြောတာပါ။
ဒီရင်းနှီးမြှုပ်နှံမှုဟာ မလေးရှားမှာ မိုက်ခရိုဆော့ဖ်ရဲ့ ၃၂ နှစ်တာသမိုင်းမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။
အစီအစဉ်ထဲမှာ Cloud နဲ့ AI အခြေခံအဆောက်အအုံတွေ တည်ဆောက်တာ၊ လူပေါင်း ၂၀၀,၀၀၀ အတွက် AI ကျွမ်းကျင်မှုဆိုင်ရာ အခွင့်အလမ်းတွေ ဖန်တီးပေးတာနဲ့ နိုင်ငံတွင်း အကျိုးဆောင်တွေကို ပံ့ပိုးပေးတာတွေ ပါမယ်လို့ ကုမ္ပဏီကပြောပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ မလေးရှားအစိုးရနဲ့လည်း National AI Center of Excellence ကို ထူထောင်ပြီး နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးစွမ်းရည်တွေကို မြှင့်တင်သွားမယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြာသပတေးနေ့မှာ နာဒယ်လာနဲ့ တွေ့ခဲ့တဲ့ ၀န်ကြီးချုပ် အန်နဝါ အီဗရာဟင်မ်က ဒီရင်းနှီးမြှုပ်နှံမှုဟာ မလေးရှားရဲ့ AI စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှု တွေကို အထောက်အကူဖြစ်စေတယ်လို့ ပြောပါတယ်။
Source/Photo - Reuters