Home
မြန်မာသတင်း
အမျိုးသားများ ပြည်ပအလုပ်ထွက်လုပ်ခွင့် စစ်ကောင်စီ ပိတ်
DVB
·
May 2, 2024
workers-412024

အမျိုးသားတွေကို ပြည်ပထွက်ခွာခွင့် ယာယီပိတ်လိုက်ပြီး ဘယ်တော့မှ ပြန်လည်ခွင့်ပြုမယ် ဆိုတာ မသိရသေးဘူးလို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေထံက သိရပါတယ်။

မေ ၁ ရက်ကစပြီး ပြည်ပနိုင်ငံ‌တွေကို အမျိုးသားတွေ အလုပ်သွားလုပ်ခွင့်ကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ယာယီရပ်ဆိုင်းလိုက်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ဒီလို ထွက်ခွာခွင့်ပိတ်ရာမှာ မေ ၁ ရက် မတိုင်ခင်က ပြည်ပနိုင်ငံတွေကို တရားဝင် အလုပ်သွားရောက်လုပ်ခွင့် ကျထားသူတွေ မပါဘူးလို့လည်း သိရပါတယ်။

အဲဒီလို ပြည်ပထွက်ခွာခွင့် ပိတ်ဖို့အတွက် အလုပ်သမားဝန်ကြီးနဲ့ လိုင်စင်ရ အေဂျင်စီတွေဟာ ဧပြီ ၃၀ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“မေလ ၁ ရက်ကစပြီး demand ခေါ်စာအသစ်တွေတော့ လုံးဝတင်မရတော့ဘူး။ တရားဝင် အလုပ်သွားလုပ်တာ ယာယီရပ်လိုက်တာ။”

အဲဒီအစီအစဉ်ဟာ တရားဝင် ပြည်ပကို လုပ်သားစေလွှတ်‌‌နေတဲ့ နိုင်ငံအားလုံး ပါဝင်ပေမဲ့ အစိုးရ ပြည်ပအလုပ်အကိုင်ကနေ ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ စေလွှတ်မှုကိုတော့ အမျိုးသားလုပ်သားစေလွှတ်မှု ယာယီရပ်နားတဲ့အထဲ မပါရှိဘူးလို့ သိရပါတယ်။

ဒီလို ယာယီပိတ်သိမ်းတာဟာ ခေတ္တသာဖြစ်ပြီး နောက်ပိုင်းမှာ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်မယ့် သူတွေဟာ စစ်မှုထမ်းဖို့၊ ပြည်ပဝင်ငွေခွန် ပေးဆောင်ဖို့အတွက် စာချုပ်တွေ ချုပ်ဆိုရလာနိုင်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက သုံးသပ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013