မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် အခြေစိုက် မင်းဘူးခရိုင်တပ်ရင်း-၃ ရဲ့ စေတုတ္တရာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားသောက်ရေးနဲ့ ဒဏ်ရာရရဲဘော်တွေ ဆေးကုသရေးအတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးလိုအပ်ချက်တွေ ရှိနေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
စေတုတ္တရာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ စေတုတ္တရာမြို့နယ် လုံးကြီးကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၄၅၀ အတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေရတာပါ။
စေတုတ္တရာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တာဝန်ရှိသူတဦးက “ကျနော်တို့က ပေးဆပ်တယ်လို့လည်း မခံယူပါဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ။ တခုခုဖြစ်လာမှ သနားတယ်ဆိုတဲ့ စကားထက် မင်းတို့အတွက် ငါတို့ နောက်ကနေ ထောက်ပံ့ပေးမယ်၊ ဆက်တိုက်ဆိုတဲ့ ထောက်ခံမှုမျိုးပဲ လိုချင်ပါတယ်။ MOD ရဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့လည်း မြေပြင်မှာရှိနေတဲ့ တပ်ရင်းတွေကို သေချာဆန်းစစ်ပြီးတော့ ကြည့်ရှု ဂရုစိုက်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
စေတုတ္တရာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို စေတုတ္တရာမြို့နယ်က လူငယ်တွေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ စတင်တည်ထောင်ခဲ့ကာ ၂၀၂၃ ခုနှစ်မှာ ဆင်နွှဲခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကျဆုံးရဲဘော်တဦး ရှိခဲ့ပြီး ဒဏ်ရာရရဲဘော် ၅ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာအပြင်းထန်ဆုံးဖြစ်တဲ့ မျက်စိ ၂ ဖက် ကွယ်သွားတဲ့ ရဲဘော်ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဆေးကုသမှု ခံယူနေပြီး မျက်မမြင်ကျောင်း ထားနိုင်ဖို့အတွက် ငွေကြေးအကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
စေတုတ္တရာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ မဝတီက “တပ်ရင်းမှာ လိုအပ်ချက်တွေများပြီး စစ်ဆင်ရေးအတွက် လက်နက်ခဲယမ်း၊ ကျည်နဲ့ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ လိုအပ်နေပါတယ်။ စားဝတ်နေရေးကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ စိုက်ပျိုးဖို့ ခက်ခဲတဲ့အတွက် နဂိုကတည်းက ဖူလုံမှုမရှိပါဘူး။ အခုအချိန်မှာ စစ်ရှောင်တွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေ ရောက်လာတဲ့အတွက် ပိုပြီးခက်ခဲပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း ဆေးဝါးလုံလောက်မှု မရှိပါဘူး” လို့ ပြောပါတယ်။
စေတုတ္တရာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ တပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်ရှိပြီး စေတုတ္တရာမြို့နယ်တဝိုက်၊ ယောဒေသနဲ့ ချင်းဒေသတွေမှာလည်း ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မင်းဘူးခရိုင် တပ်ရင်း-၃ ရဲ့ စားနပ်ရိက္ခာနဲ့ ရန်ပုံငွေလိုအပ်ချက်အတွက် “မြေလတ်ဒေါင်းတို့ ပွဲကစို့” ကမ်ပိန်းကို ပြုလုပ်နေပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
လင်းအိမ်
ဆက်စပ်သတင်း—