Home
နိုင်ငံတကာ
ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ် တရားဝင်အတည်ပြု ခန့်အပ် 
DVB
·
May 2, 2024
มาริษ-เสงี่ยมพงษ์-2_02052024

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဝါရင့်သံတမန်ဟောင်း  အသက် ၆၅ နှစ်ရွယ်ရှိ နိုင်းမာရစ် ဆငဲမ်ဖုန်းကို တရားဝင်အတည်ပြုခန့်အပ်လိုက်ကြောင်း ထိုင်းတော်ဝင်ပြန်တမ်းက မေလ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ရာထူးနေရာ အပြောင်းအလဲ ပြုလုပ်ရာမှာ  မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာလည်း အရေးပါတဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် နိုင်းမာရစ်ကို အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးသစ် နိုင်းမာရစ်မှာ ထိုင်းအရှေ့မြောက်ပိုင်း ဥဒွန်းဌာနီဇာတိဖြစ်ပြီး ဘန်ကောက် ရမ်ခမ်းဟမ်တက္ကသိုလ်မှ  နိုင်ငံရေးသိပွံဘာသာရပ်နဲ့ ဘီအေဘွဲ့ ၊ အမေရိကန်နိုင်ငံ အိုဟိုင်အိုးတက္ကသိုလ်မှ  နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့  မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။

သူဟာ ယခင်က  ကနေဒါ ၊ နီပေါ၊ ဩစတြေးလျ ၊ နယူးဇီလန်စတဲ့နိုင်ငံဆိုင်ရာ သံအမတ်လည်း ဖြစ်ခဲ့ဖူးသလို ဧပြီ ၂၈ ရက်က နုတ်ထွက်စာတင်သွားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း နိုင်းပန်ပရီ ဖဟီထာနုကွန်း ရဲ့ အတိုင်ပင်ခံလည်း ဖြစ်ပါတယ်။

ဖွေ့ထိုင်းပါတီဝင်တစ်ဦးဖြစ်ပြီး သက်ဆင် ရှင်နာဝပ်နဲ့ ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးသူလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မေ ၁ ရက်က ဝန်ကြီးချုပ် ဆေထာထဝီးဆင်နဲ့ သီးသန့်သွားရောက်တွေ့ဆုံခဲ့ပြီး ဒီကနေ့ မေလ ၂ ရက်မှာ တာဝန်ဝတ္တရားစတင်ထမ်းဆောင်ပါတယ်။ မေလ ၃ ရက်နေ့မှာ ဘုရင်ကြီးထံ အခစားဝင်ရောက်ပြီး သစ္စာခံရမှာဖြစ်ပါတယ်။

ပထမဆုံး တာဝန်ထမ်းဆောင်တဲ့နေ့ စိတ်လှုပ်ရှားမှု ရှိပါသလား၊ အရင်ဝန်ကြီးဟောင်း ပန်ပရီလက်ထက်  လုပ်ဆောင်ခဲ့တာတွေကို လူတွေ ချီးမွမ်းကြတယ်၊  ဝန်ကြီးမာရစ်ရဲ့ ရပ်တည်ချက်တွေကကော ဘယ်လိုရှိပါသလဲလို့ သတင်းထောက်တွေက မေးရာမှာ သူက ဝန်ကြီးများရုံးကို အရင်ကလည်း အမြဲဝင်ထွက်ခဲ့လို့ သူ့အနေနဲ့ မစိမ်းဘူး၊ ယခင် နိုင်ငံခြားရေးဝန်ကြီးရဲ့ အတိုင်ပင်ခံဖြစ်ခဲ့တဲ့အတွက် လုပ်ငန်းကိုင်ငန်းကိစ္စ ဘာမှစိုးရိမ်ကြောင့်ကြ မရှိဘူး ၊ နိုင်ငံရပ်ခြားနဲ့ ဆက်ဆံရေးမှာ ဒုဝန်ကြီးချုပ်ရာထူးပါရှိဖို့ မလိုဘဲ  နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ပြောဆိုဆွေးနွေးလို့ ရတယ်လို့သာ ဖြေကြားသွားပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီဟာ ဒီမတိုင်ခင်က ဒုဝန်ကြီးချုပ်ရာထူးကိုပါ ရထားတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့အပတ်က ဝန်ကြီးရာထူးအပြောင်းအလဲတွေ လုပ်တော့ သူဟာ ဒုဝန်ကြီးချုပ်ရာထူးကနေ ပြုတ်သွားပါတယ်။ သူကတော့ အခြားနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဒုဝန်ကြီးချုပ်အနေနဲ့ပါ ဆွေးနွေးရင်  ပါဝါပိုကြီးတယ်၊ ပိုပြီးဆွေးနွေးရ လွယ်ကူတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

သူ့အနေနဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်လုပ်ခဲ့ရတဲ့ ၂၃၉ ရက် သက်တမ်းကာလအတွင်း တိုင်းပြည်နဲ့လူမျိုးအတွက် အကောင်းဆုံးဆောင်ရွက်ခဲ့တယ်၊ ဟားမတ်စ် အစ္စရေးတိုက်ပွဲမှာ ပိတ်မိနေတဲ့ ထိုင်းပြည်သူ ထောင်နဲ့ချီကို လေယာဉ်နဲ့ အသုတ်လိုက်ပြန်ခေါ်ခဲ့တယ်၊ ခရီးသွားလုပ်ငန်းဝင်ငွေတိုးပွားအောင် ဖရီးဗီဇာ ဖွင့်ပေးခဲ့တယ်၊ တာ့ခ်ခရိုင် မျက်နှာချင်းဆိုင် မြဝတီက တိုက်ပွဲတွေကြောင့် ထိုင်းဘက်ဝင်လာသူတွေကို လူသားချင်းစာနာမှုအကူအညီပေးပြီး ရေရှည် ငြိမ်းချမ်းရေးတည်တံ့ဖို့ အာဆီယံနဲ့ ချိတ်ဆက်ပြီး ကြားဝင်စေ့စပ်ညှိနှိုင်းပေးမယ်လို့ ပြောခဲ့ပါတယ်။

အခုလိုနုတ်ထွက်ရတာကတော့ နောက်ထပ်အရည်အချင်းရှိသူတွေ လာရောက်တာ ဝန်ထမ်း ဆောင်နိုင်ဖို့ လမ်းဖွင့်ပေးလိုက်ခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ယမန်နေ့က ဝန်ကြီးများရုံးမှာရှိတဲ့ သူ့ရုံးခန်းက ကိုယ်ပိုင်ပစ္စည်းတွေ သွားသိမ်းပြီး ရုံးရှေ့ရှိ နတ်ကွန်းကိုပါသွား‌ရောက်ပူဇော်နှုတ်ဆက်ခဲ့ပါတယ်၊ သူ့ဖာသူ တိတ်တဆိတ်ပစ္စည်း သွားသိမ်းပေမယ့် ရုံးကအထွက်မှာတော့ ရာနဲ့ချီတဲ့ဝန်ထမ်းတွေက သူ့ကို စောင့်ဆိုင်းပြီး ပန်းတွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်။

ပန်ပရီ ဖဟီထာနုကွန်းကတော့  ကျူလာလောင်ကွန်တက္ကသိုလ်မှ ဥပ‌ဒေပညာရပ်နဲ့ ဘီအေဘွဲ့ကိုလည်းကောင်း၊ အမေရိကန် ကာလီဖိုးနီးယားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာနဲ့ မဟာဝိဇ္ဇာဘွဲ့ကိုလည်းကောင်း၊ အမေရိကန်နိုင်ငံ USC တက္ကသိုလ်မှ နိုင်ငံ့ဝန်ထမ်းစီမံခန့်ခွဲရေး ဘာသာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့ကို ရခဲ့ပါတယ်။ ဝန်ကြီးချုပ် ပရိမ်း ၊ ဝန်ကြီးချုပ် ချာဝလစ်ယောင်ကျိုင်ယုဒ် လက်ထက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  ထိုင်းနိုင်ငံ PTT စက်သုံးဆီ ကုမ္ပဏီရဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရတစ်ရပ်တက်လာပြီး နှစ်မပြည့်ခင် ဝန်ကြီးရာထူး အပြောင်းအလဲလုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး  ပြောင်းရတဲ့အကြောင်းရင်းကိုလည်း ထုတ်ပြန်ခြင်း မရှိပါဘူး။

ဖွေ့ထိုင်းပါတီကနေ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဆေထာထဝီးဆင်အပေါ်မှာ ပါတီထူထောင်သူ သက်ဆင်ရှင်နာဝပ်က  လွှမ်းမိုးမှုရှိနေတယ်လို့လည်း လူမှုကွန်ရက်မှာ ဝေဖန်သုံးသပ်နေကြပါတယ်။ 

SOURCE: THE STANDARD

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013