အိန္ဒိယနိုင်ငံ အလယ်ပိုင်းက သစ်တောတွေထဲမှာ ဧပြီ ၃၀ ရက်က ပစ်ခတ်မှုအတွင်း အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မော်ဝါဒီသူပုန် ၁၀ ဦးထက်မနည်းကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြည်လုံးကျွတ် ရွေးကောက်ပွဲတွေကြားမှာ ဧပြီလအတွင်း ဒုတိယမြောက် အဓိက ထိပ်တိုက်တွေ့မှုလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မေ ၁ ရက်မှာ ပြခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းတွေထဲမှာ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နိုင်ငံအလယ်ပိုင်း ချာတစ္စဂါပြည်နယ်က နာရာယန်ပူရ်မြို့မှာရှိတဲ့ သစ်တောဧရိယာထဲမှာ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးကြည့်ရှုနေတာကို ပြသခဲ့ပါတယ်။
မော်ဝါဒီတွေ ရောနှောနေထိုင်တဲ့ ဘာစတားဒေသရဲ့ အဘူဂျာမက် ဧရိယာထဲမှာ ဧပြီ ၁၆ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အနားက ခရိုင်တခုမှာ သူပုန်တိုက်ခိုက်ရေးသမား ၂၉ ဦး သေဆုံးခဲ့ပါတယ်။
ကွယ်လွန်သူ တရုတ်ခေါင်းဆောင် မော်စီတုံးကနေ ပြန့်ပွားလာတဲ့ ကွန်မြူနစ်ဝါဒကို ယုံကြည်တဲ့ သူပုန်တွေဟာ အိန္ဒိယအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ အစိုးရကို အဓိက ဆန့်ကျင်တဲ့ ပြောက်ကျားပုံစံ တိုက်ပွဲကို ဆယ်စုနှစ်များစွာ ဆင်နွှဲခဲ့တာပါ။ အချိန်အခါအလိုက် တိုက်ပွဲတွေဖြစ်လို့ နှစ်ဖက်စလုံး အသေအပျောက် များခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ အိန္ဒိယလယ်သမားတွေနဲ့ မြေယာမဲ့ အလုပ်သမားတွေက မြေယာအပေါ် ပိုမိုထိန်းချုပ်နိုင်စေရေးနဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးတွေက ခေါင်းပုံဖြတ်နေတယ်ဆိုတဲ့ သတ္တုတွင်းတွေမှာ အကျိုးစီးပွားကို ပိုမိုတောင်းဆိုလာနိုင်စေရေး တိုက်ပွဲဝင်နေကြတာလို့ မော်ဝါဒီတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံသားတွေဟာ ဧပြီ ၁၉ ရက်က စတင်ကျင်းပတဲ့ အဆင့် ၇ ဆင့်ရှိတဲ့ လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးနေပြီး ဇွန် ၄ ရက်မှာ မဲတွေကို ရေတွက်ရမှာ ဖြစ်ပါတယ်။
Source/Photo-Reuters