တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးမှာ မေ ၁ ရက်က လမ်းအပိုင်းတခု ပြိုကျခဲ့မှုကြောင့် မော်တော်ယာဉ်တွေ ပြုတ်ကျခဲ့ပြီး လူ ၃၆ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက မေ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အစပျိုး ဖြစ်ပေါ်လာခဲ့တဲ့ လမ်းပြိုကျမှုဟာ ဗုဒ္ဓဟူးနေ့မနက် ၂ နာရီ ၁၀ မိနစ်မှာ မယ့်ကျိုး-ဒါဘူ့ အမြန်လမ်းမှာ ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မေဒေး အားလပ်ရက်အတွက် နိုင်ငံအတွင်းရှိ လူပေါင်း သန်းနဲ့ချီ ခရီးထွက်ခဲ့ကြချိန်လည်း ဖြစ်ပြီး ဒဏ်ရာရသူ လူပေါင်း ၃၀ ဝန်းကျင်လောက်လည်း ရှိပါတယ်။
မော်တော်ယာဥ်တွေကို ပြန်ဆယ်တင်ဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ကူညီဖို့ အလုပ်တပ်ဖွဲ့တဖွဲ့ကို တာဝန်ချ တပ်ဖြန့်ထားကြောင်း နိုင်ငံပိုင်မီဒီယာမှ ဗီဒီယို ပြသခဲ့ပါတယ်။
ပြိုကျခဲ့တဲ့ လမ်းအပိုင်းဟာ အရှည် ၁၇ ဒသမ ၉ မီတာရှိပြီး မော်တော်ယာဉ် ၂၃ စီး ပြုတ်ကျခဲ့ကြောင်းလည်း ဆိုပါတယ်။
ကွမ်တုန်းပြည်နယ်ထဲက ဒေသတခုဖြစ်တဲ့ မယ့်ကျိုးဟာ ဧပြီလနှောင်းပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးတွေလည်း ဆိုးဆိုးရွားရွား ရွာချခဲ့တာကြောင့် အန္တရာယ်ရှိတဲ့ ရွှံ့မြေပြိုကျမှုတွေ ဖြစ်ပွားပြီး နေအိမ်တွေ ရေနစ်မြုပ်ကာ တံတားတွေလည်း ပျက်စီးခဲ့ပါတယ်။
Source/Photo-Reuters