Home
မြန်မာသတင်း
ရန်ကုန်တွင် သက်ကြီးရွယ်အိုနှင့် ကလေးရှိသူများ ဟိုတယ်အခန်းငှားပြီး အပူရှောင်နေရ
DVB
·
May 2, 2024
Yangon_02052024

ရန်ကုန်မှာ အပူချိန်မြင့်မားပြီး လျှပ်စစ်မီးမမှန်တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်ရှိသူတွေအနေနဲ့ ဟိုတယ်အခန်းငှား အပူရှောင်တာတွေ လုပ်လာကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

လက်ရှိ ဟိုတယ်အများစုမှာ အပူရှောင်သူတွေကို လက်ခံနေရပြီး ရက်ရှည် အခန်းယူထားသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒဂုံမြို့နယ်ရှိ ဟိုတယ်မန်နေဂျာတဦးက “လူကြီးတွေရော၊ ကလေးတွေရော အခန်းယူ အပူရှောင်ကြတာ။ ဟိုတယ်မှာက အဲလ်ကွန်းလည်း အချိန်ပြည့်ရတယ်၊ ရေကူးကန်လည်းရှိတော့ သဘောကျကြတာပေါ့။ ဒီရက်ထဲကို အပူရှောင်တဲ့ ဧည့်သည်တွေ ပိုများလာတာ” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ လျှပ်စစ်မီး ဆိုးရွားစွာ ပျက်နေတာကြောင့် အွန်လိုင်းကတဆင့် လုပ်ငန်းလုပ်ရသူတချို့ အနေနဲ့လည်း ဟိုတယ်အခန်းယူပြီး အလုပ်လုပ်နေကြရတယ်လို့ ကိုယ်တိုင်ကြုံရသူတဦးက ဆိုပါတယ်။

“မီးကပျက်တော့ အလုပ်တွေပါ ကမောက်ကမဖြစ်တယ်။ ဟိုတယ်မှာပဲ ဝိုင်ဖိုင်နဲ့ အလုပ်လုပ်နေရတယ်။ ကုန်ကျစရိတ်တော့ များတာပေါ့။ အခြေအနေရ ဘယ်တတ်နိုင်မလဲ။”

ရန်ကုန်မြို့က ဟိုတယ်အခန်းတွေဟာ ကျပ် ၄၀,၀၀၀ နီးပါးကနေ ကျပ် ၁၀၀,၀၀၀ နီးပါးအထိရှိပြီး လျှပ်စစ်မီးမမှန်လို့ စျေးတိုးသတ်မှတ်လိုက်ရတာတွေ ရှိတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းဆီက သိရပါတယ်။

အဲဒီလို အပူရှောင်တာကို ငွေကြေးတတ်နိုင်သူတွေသာ ပြုလုပ်ကြပြီး ငွေကြေးအဆင်မပြေသူတွေ အနေနဲ့ နေ့လယ်ခင်းမှာ အရိပ်ရနေရာတွေ၊ လေအေးပေးစက် ဖွင့်ထားတဲ့ စျေးဝယ်စင်တာနဲ့ အများပြည်သူသွားလာရာ နေရာဆီ သွားရောက်နေကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လျှပ်စစ်မီးဟာ ညအိပ်ချိန်မှာလည်း ပုံမှန်ပျက်နေလို့ အပူဒဏ်ကြောင့် အိပ်မရတဲ့ဒုက္ခတွေ ဆိုးရွားစွာ ကြုံနေရတယ်လို့လည်း သူတို့ကပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013