ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သံတမန်ဆက်ဆံရေး ဖြတ်တောက်မယ်လို့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုက မေ ၁ ရက် နိုင်ငံတကာ အလုပ်သမားနေ့ နှစ်ပတ်လည် ချီတက်ပွဲအတွင်း ပြောကြားလိုက်ပါတယ်။
ပက်ထရိုကို ထောက်ခံသူတွေနဲ့ အလုပ်သမားတွေဟာ အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဘိုဂိုတာမြို့လယ်မှာ ချီတက်ခဲ့ကြပြီး သမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံအားပေးခဲ့ကြပါတယ်။
“သင်တို့အားလုံးရှေ့မှောက်မှာပဲ … ပြုပြင်ပြောင်းလဲရေးအစိုးရ၊ ရီပတ်ဘလစ်ကန် သမ္မတက နက်ဖြန်မှာစပြီး အစ္စရေးနိုင်ငံကို သံတမန်ဆက်ဆံရေး ဖြတ်တောက်တော့မှာဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်” လို့ သမ္မတ ပက်ထရိုက ကြေညာခဲ့ပါတယ်။
“အစ္စရေးဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တဲ့ အစိုးရဖြစ်လို့ ကျနော်တို့က သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်” လို့ ပက်ထရိုက ပြောပါတယ်။
ပါလက်စတိုင်း ကျဆုံးရင် လူသားတွေ သေဆုံးတာပဲဖြစ်ပြီး လူသားတွေကို သေဆုံးခွင့် မပြုနိုင်ဘူးလို့လည်း ဆိုပါတယ်။
လက်ဝဲယိမ်းသမ္မတဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲထားတဲ့ တောင်အာဖရိကရဲ့အမှုမှာ ပါဝင်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးအာဏာပိုင်တွေရဲ့ အဆိုအရ အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးဟာ ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာကြောင့် နယ်မြေအများစု ပြိုပျက်သွားခဲ့ရပြီး အခုထိ ပါလက်စတိုင်းလူမျိုး ၃၄,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
စစ်ပွဲကာလ ၆ လ ကြာမြင့်ပြီးနောက်မှာ လူတသန်းကျော် အငတ်ဘေးနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters