Home
မြန်မာသတင်း
မောင်တောရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို AA သိမ်းပိုက်၊ စကခ ၁၅ ကို ထိုးစစ်ဆင်နေ
DVB
·
May 2, 2024
AA_07042024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် မိုက်ခရိုတောင်(တာဝါတောင်) တပ်စခန်းနဲ့ ၆ မိုင်အနီးရှိ စေတီတောင် တပ်စခန်းတွေကို ဧပြီ ၃၀ ရက်မှာ ရက္ခိုင့်တပ်တော်(AA)က  အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

အဆိုပါ တပ်စခန်းတွေ သိမ်းပိုက်အပြီး ကျီကန်းပြင် နယ်ခြားစောင့်ဌာနချုပ်နဲ့ ၄ မိုင်ရှိ နယ်ခြားစောင့် တပ်ရင်း (၂) ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့လည်း မောင်တော ဒေသခံ တဦးက ပြောပါတယ်။

“၆ မိုင်အနီးမှာရှိတဲ့ မိုက်ခရိုတောင်(တာဝါတောင်)တပ်စခန်းနဲ့ စေတီတောင် တပ်စခန်းတွေကို အာရက္ခတပ်တော်ဘက်က  အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်တယ်။ စစ်ကောင်စီတပ်သား တချို့လည်း ထွက်ပြေးနေတယ်လို့ သိရတယ်။ အခု ကျီးကန်းပြင်ဌာနချုပ်နဲ့ ၄ မိုင် တပ်ရင်း ၂ ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြတယ်။ စစ်ကောင်စီကတော့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေပေးပြီး  ခုခံနေတယ်။”

စစ်ကောင်စီနဲ့ AA တို့တိုက်ပွဲဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်အတွင်းမှာ အခြေခံ စားသောက်ကုန်တွေ အရင်ကထက် ၅ ဆနဲ့ အထက်ကို မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ဘူးသီးတောင် အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅ ) ကိုလည်း AA တပ်တွေက ပြင်းပြင်ထန်းထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ခုခံနေရတယ်လို့ ဘူးသီးတောင်မြို့နယ်က ဒေသခံက ပြောပါတယ်။

"စကခ ၁၅ ကို AA က ထိုးစစ်ဆင်နေတာ လနဲချီရှိနေပြီ။ ကျနော်ကြားသလောက်တော့ အတိုင်းအတာ တခုအထိ သိမ်းထားပြီလို့ ကြားတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းက နေ့ရော့ ညပါ အပြင်းအထန်ခုခံနေတယ်။ ဒီအတိုင်းဆိုရင် သိပ်ကြာတော့မှာ မဟုတ်ဘူး။ ဘူးသီးတောင်လည်း AA သိမ်းပိုင်နိုင်ဖို့ အခြေအနေ ကောင်းနေပြီ။”

ပြီးခဲ့ မတ် ၂၅ ရက်က ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂)တပ်ရင်းနဲ့ ဧပြီ ၅ ရက်မှာ ခမရ( ၅၆၄) တပ်ရင်းတွေကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ စကခ ၁၅ ကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ စစ်ရှုံးလာတဲ့ စစ်ကောင်စီဟာ မွတ်ဆလင်တွေကို စစ်သင်တန်းပေးပြီး ရခိုင်နဲ့ မွတ်ဆလင်တွေအကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားအောင် လှုံဆော်မှုတွေ ရှိတယ်လို့ AA ဘက်က ဆိုထားပါတယ်။

တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ဧပြီ ၂၆ ရက်ကတည်းက AA က ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ AA တို့အကြား အမ်း၊ သံတွဲ၊ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013