Home
နိုင်ငံတကာ
တရုတ်က တတိယမြောက် မျိုးဆက်သစ် လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်၌ စမ်းသပ်
DVB
·
May 2, 2024
China launches sea trials for next-generation aircraft carrier

တရုတ်နိုင်ငံဟာ သူ့ရဲ့ တတိယမြောက်နဲ့ အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘော ဖှုကျန်းကို မေ ၁ ရက်က ပင်လယ်ပြင်မှာ စမ်းသပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လမှာ လေယာဉ်တင်သင်္ဘောကို ပထမဆုံး ထုတ်ဖော်ပြသပြီးတဲ့နောက် ၂ နှစ်နီးပါး ကြာချိန်မှာ တရုတ်ရေတပ်က စတင်စမ်းသပ်ခဲ့တာပါ။

သင်္ဘောကို စမ်းသပ်နေတဲ့ ရှန်ဟိုင်းမြို့က ကျန်းနန်သင်္ဘောကျင်းမှာ စခန်းချထားပါတယ်။ ဖှုကျန်းဟာ ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီမှာ ပင်လယ်ပြင်ကို ထွက်သွားတယ်လို့ CCTV က ဖော်ပြပါတယ်။

ပြည်တွင်းမှာ ပုံစံထုတ် ဒီဇိုင်းဆွဲ တည်ဆောက်ထားတဲ့ ဖှုကျန်း လေယာဉ်တင်သင်္ဘောဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ တာဝန်ပေးအပ်ခဲ့တဲ့ ရှန်တုန်း လေယာဉ်တင်သင်္ဘောထက်ရော ၁၉၉၈ ခုနှစ်မှာ တရုတ်နိုင်ငံက ယူကရိန်းဆီကနေ ဝယ်ခဲ့တဲ့ တပတ်ရစ် လေယာဉ်တင်သင်္ဘော လျောင်နင်းထက်ပါ ပိုကြီးပြီး အဆင့်မြင့်ပါတယ်။

ဖှုကျန်းသင်္ဘောကို တည်ဆောက်မှုဟာ တရုတ်ရဲ့ ကမ်းရိုးတန်းကနေ ဝေးလံတဲ့နေရာထိ ဩဇာဖြန့်ကြက်နိုင်စွမ်းရှိတဲ့ “ရေပြာ” ရေတပ်နဲ့အတူ ဒေသတွင်းမှာ ထင်ရှားတဲ့ စစ်ရေးအင်အား ဖြစ်လာစေရေး တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကြိုးပမ်းမှု ဗဟိုချက်တရပ် ဖြစ်ပါတယ်။

ဒီလေယာဉ်တင်သင်္ဘောကို တရုတ်ရေတပ်မှာ တာဝန်မပေးမီ ပင်လယ်ပြင်စမ်းသပ်မှုဟာ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်က တနှစ်အထိ ကြာမယ်လို့ မျှော်လင့်ရပါတယ်။ ရှန်တုံး လေယာဉ်တင်သင်္ဘောကတော့ တာဝန်မထမ်းဆောင်မီ ပင်လယ်ပြင်စမ်းသပ်မှု ၉ ခု ပြုလုပ်ခဲ့ဖူးပါတယ်။

ဒီအတောအတွင်း တရုတ်နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်က ရေပိုက်အသုံးပြုမှုကြောင့် ဖိလစ်ပိုင်ရေယာဉ် ၂ စင်း ပျက်စီးခဲ့ရပြီးနောက် ပေကျင်းက တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ မြင့်တက်အောင် လုပ်နေတာဖြစ်ကြောင်း ဖိလစ်ပိုင်က မေ ၁ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဧပြီ ၃၀ ရက်က ပင်လယ်ပြင်ရှိ ဖိလစ်ပိုင် ငါးဖမ်းသမားတွေကို ကူညီဖို့အတွက် စကာဘရာ သောင်ခုံကို သွားရောက်နေတဲ့ မစ်ရှင်အတွင်း တရုတ်က ရေအမြောက်နဲ့ တိုက်ခိုက်မှုကြောင့် ဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘောနဲ့ ငါးဖမ်းသင်္ဘောတစင်း ပျက်စီးခဲ့ရကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂျေး တာရီယယ်လာက ပြောပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ဟာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို တင်းမာမှုတွေနဲ့ ရန်လိုမှုအဆင့်ကို မြှင့်တင်လိုက်တာဖြစ်ပြီး ဖိလစ်ပိုင်ရဲ့ သင်္ဘောတစီးကို ပထမဆုံးအကြိမ် ရေအမြောက်နဲ့ တိုက်ရိုက်အသုံးပြု ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂျေး တာရီယယ်လာက တောင်တရုတ်ပင်လယ် အရေးကိစ္စကို ရှင်းလင်းပြောဆိုပါတယ်။

သူတို့ဟာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အင်အားသုံးဖို့၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်ဖို့၊ ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) ကို ပြောင်ပြောင်တင်းတင်း ဂရုမစိုက်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြသဖို့လည်း တွန့်ဆုတ်မနေကြောင်း ဗိုလ်မှူးကြီး ဂျေး တာရီယယ်လာက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ရန်စမှုတွေ ရှိနေပေမဲ့လည်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ သူ့ရဲ့ကမ်းရိုးတန်းမှာ မစ်ရှင်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အခြေအနေကို ပိုမိုဆိုးရွားစေခြင်းမှ ရှောင်ကြဉ်မှာဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

တကယ်တော့ အငြင်းပွား စကာဘရာသောင်ခုံဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း ကျရောက်နေတာဖြစ်ပြီး အဲဒါကြောင့်ပဲ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ကြား အဆက်မပြတ် တင်းမာမှုတွေ ဆက်ရှိနေဦးမယ့် အရင်းအမြစ်တခုလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013