Home
မြန်မာသတင်း
၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းမှုပေါင်း ၁၁၆၀ ခန့် ပြုလုပ် 
DVB
·
May 2, 2024
SAC Seal Record AAPP_02052024

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က နိုင်ငံတဝန်း အရပ်သားပြည်သူ ၉၃၄ ဦးရဲ့ နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ၊ စီးပွားရေးလုပ်ငန်း စတဲ့ အရပ် သားပိုင် ပစ္စည်းဥစ္စာ စုစုပေါင်း ၁,၁၅၉ ခုကို မတရားသဖြင့် ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာတော့ သူတို့ကို ဆန့်ကျင်ဆန္ဒပြကြတဲ့ သပိတ်အဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရင်အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေ၊ ပညာရေးဝန်ထမ်းတွေ၊ မီဒီယာကဏ္ဍမှာ ပါဝင်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်နေတယ်လို့ ဆို ပါတယ်။

ခုနှစ်အလိုက်ကြည့်မယ်ဆိုရင်တော့ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း ၂၀၂၂ ခုနှစ်ထဲမှာ ချိပ်ပိတ်သိမ်းဆည်းခံရမှု ၆၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီးတော့ စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေထဲမှာ မတရားသဖြင့် ပစ္စည်းသိမ်းခံရတဲ့အပြင် ပစ္စည်းသိမ်းခံရတဲ့ ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့သလို ၆၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အေအေပီပီရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်တွေအလိုက် ပစ္စည်းသိမ်းခံရမှုမှာတော့ စစ်ကိုင်းတိုင်းက ၂၂၄ ခုနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေက ချိပ်ပိတ်သိမ်းဆည်းခံရမှု အများဆုံး ဖြစ်နေပါတယ်။

သိမ်းဆည်းခံရတဲ့ ပစ္စည်းအမျိုးအစားတွေမှာတော့ စုပေါင်းပြစ်ဒဏ် သက်ရောက်မှု ကြီးမားတဲ့ အမျိုးအစားတွေကို အေအေပီပီက မှတ်တမ်းတင်ဖော်ပြထားပြီး တိုက်ခန်းနဲ့ နေအိမ် ၈၈၇ လုံး၊ စီးပွားရေးလုပ်ငန်း ၂၈ ခု၊ ဆေးရုံနဲ့ ဆေးခန်း ၁၁ ခု၊ တည်းခိုခန်းနဲ့ ဟိုတယ် ၁၀ လုံး၊ စာသင်ကျောင်း ၇ ကျောင်းထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အေအေပီပီအနေနဲ့ စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်စေဖို့၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဓလေ့ဆိုးကို အဆုံးသတ်စေဖို့ လူ့အခွင့်အရေးချိုးဖောက်၊ ကျူးလွန်မှုတွေကို ဆက်လက် မှတ်တမ်းတင်သွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခဆိုးတွေ အမြန်ဆုံး ချုပ်ငြိမ်းစေဖို့ အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ အရေးယူနိုင်မယ့် လုပ်ငန်းစဉ်ယန္တရားတွေကို တိကျပြတ်သားစွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013