Home
နိုင်ငံတကာ
ကမ္ဘောဒီးယားတွင် အပူလှိုင်းကြောင့် စာသင်ကျောင်းများ အတန်းချိန် ၂ နာရီလျှော့ချ
DVB
·
May 2, 2024
CambodiaSchool_02052024

ကမ္ဘောဒီးယားနိုင်ငံမှာ အပူလှိုင်းကနေ ဖြစ်ပေါ်လာတဲ့ ပူပြင်းလှတဲ့ အပူချိန်ကြောင့် မေ ၂ ရက်မှာ စာသင်ကျောင်းတွေဟာ အတန်းချိန်တွေကို ၂ နာရီကြာစီ စတင်လျှော့ချလိုက်ပြီ ဖြစ်ပါတယ်။

အခုခါ အစိုးရကျောင်းတွေ အားလုံးဟာ မနက် ၇ နာရီမှ ၁၀ နာရီအထိ အတန်းချိန်ကို သတ်မှတ်မှာဖြစ်ပြီး ကျောင်းဆင်းချိန်ကိုလည်း တနာရီစောပြီး ကျောင်းဆင်းပေးလိုက်တဲ့ အပြောင်းအလဲကို လုပ်ဆောင်မှာဖြစ်ပါတယ်။

ဒါ့အပြင် နေ့လယ်ခင်း အတန်းချိန်တွေကိုလည်း အချိန် ၁ နာရီ နောက်ဆုတ်ပြီးတော့ မွန်းလွဲပိုင်း ၂ နာရီမှ ညနေ ၅ နာရီအထိ ကျောင်းတက်ချိန် သတ်မှတ်ထားကြောင်း ဧပြီ ၃၀ ရက် တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။

မြို့တော် ဖနွမ်းပင်မှာ ကျောင်းသားတဦးက အတန်းချိန်တွေ လျှော့ချလိုက်တာကြောင့် သူ့ရဲ့ စာမေးပွဲအဆင့်တွေ ဆုတ်ယုတ်မှာကို စိုးရိမ်ကြောင်း ပြောကြားပြီး တခြားကျောင်းသားတဦးကတော့ အပူရှိန်ကြောင့် ခေါင်းကိုက်ပြီး စာကျက်လို့မရဘူးလို့ ပြောပါတယ်။

ကျောင်းဆရာ ဒွတ်ဘိုခိုးလ်ကတော့ သူနဲ့ တချို့ကျောင်းသားတွေဟာ ရာသီဥတု အရမ်းပူလာတဲ့အခါ ဘာစာကိုမှလည်း အာရုံစိုက် မသင်ကြားနိုင်ဘူးလို့ ပြောပါတယ်။

ချခ်တိုမွတ်ခ် မူလတန်းကျောင်းရဲ့ ဒုညွှန်ကြားရေးမှူး အွမ်ဆာရစ်ကတော့ သူ့ကျောင်းက တချို့စာသင်ခန်းတွေမှာ လေအေးပေးစက်နဲ့ မျက်နှာကျက်ပန်ကာတွေ တပ်ဆင်ထားလို့ အပူလှိုင်းဒဏ်ခံရတဲ့ ကျောင်းသားတွေ တယောက်မှမရှိသေးဘူးလို့ ဆိုပါတယ်။

ကျောင်းသားတွေက ဘက်ထရီပါဝါသုံး ပန်ကာလေးတွေ စာသင်ခန်းထဲ ယူလာကြပြီး သူတို့တွေကို ရေများများသောက်ဖို့လည်း အကြံပေးထားတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ မိုးလေဝသဌာနက ကြာသပတေးနေ့မှာ ဖနွမ်းပင်မှာ အပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ် (၁၀၂.၂ ဒီဂရီဖာရင်ဟိုက်) မြင့်မားမယ်လို့ ခန့်မှန်းထားပါတယ်။

အပူလွန်ကဲခြင်းဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပစိဖိတ်အနောက်ဘက်ရှိ အင်အားပြင်း အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်သူတဦးက ယူဆထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013