ကိုလံဘီယာစစ်အခြေစိုက်စခန်းတွေကနေ ပျောက်သွားတဲ့ စစ်လက်နက်စာရင်းထဲမှာ ကျည်ဆန်တသန်းကျော်၊ လက်ပစ်ဗုံးတွေ အပါအဝင် ထောင်ချီတဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဒုံးကျည်တချို့ ပါဝင်နေပြီး ဒါဟာ တပ်တွင်းအကျင့်ပျက်ခြစားမှုကြောင့်ဖြစ်တယ်လို့ ကိုလံဘီယာသမ္မတ ဂတ်စ်တာဗို ပေထရိုက ဧပြီ ၃၀ ရက်မှာ ပြစ်တင်ပြောလိုက်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေအတွင်း အဂတိလိုက်စားမှု ကွန်ရက်တွေကိုတိုက်ဖျက်ဖို့ အမိန့်ပေးထားပြီး ကာကွယ်ရေးဝန်ကြီးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲတို့နဲ့အတူ တရားရေးအာဏာပိုင်တွေက ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ ပေထရိုက ပြောပါတယ်။
ဒီလက်နက်တွေဟာ ကိုလံဘီယာ လက်နက်ကိုင်အဖွဲ့တွေဆီ ရောက်သွားမှာဖြစ်ပြီး ဟေတီနိုင်ငံဆီ မှောင်ခိုတင်သွင်းတာ ဒါမှမဟုတ် နိုင်ငံတကာ မှောင်ခိုဈေးကွက်ဆီကို ရောင်းလိုက်တာ ဖြစ်နိုင်တယ်လို့လည်း သမ္မတက ပြောပါတယ်။
ကိုလံဘီယာအလယ်ပိုင်းနဲ့ လာဂွါဂျီရာပြည်နယ်မှာရှိတဲ့ စစ်အခြေစိုက်စခန်း ၂ ခုမှာ တခြား ကျည်ဆန်ပေါင်း ထောင်သောင်းချီနဲ့အတူ 5.56 မီလီမီတာ ကျည်ဆန်ပေါင်း ၁ ဒသမ ၃ သန်းကျော် ပျောက်ဆုံးနေတယ်လို့ ပေထရိုက ပြောပါတယ်။
အစ္စရေးကထုတ်တဲ့ နင်မ်ရော့ဒ်ဒုံးကျည် ၃၇ စင်းနဲ့ စပိုက်ခ်ဒုံးကျည် ၂ စင်းလည်း ပျောက်နေတယ်လို့ ပေထရိုက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး အီဗန် ဗေလက်စ်ကက်က“စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်၊ တချို့အရာရှိတွေ ရာထူးပြောင်းခံရပြီးပြီ” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကိုလံဘီယာနိုင်ငံရဲ့ နှစ် ၆၀ ကြာ ပြည်တွင်းပဋိပက္ခကြောင့် လူပေါင်း ၄ သိန်းခွဲကျော် သေဆုံးခဲ့ပါတယ်။
Source/Photo-Reuters