Home
မြန်မာသတင်း
တရုတ်နယ်စပ်တွင် အင်တာနက်အသုံးပြုသူများ ဥပဒေလိုက်နာရန် အသိပေးစာထုတ်
DVB
·
May 1, 2024
Myanmnar-China-Border-pass-card-Qeue

တရုတ်နယ်စပ်မှာ အင်တာနက်အသုံးပြုသူတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်ဆိုင်ရာ ဥပဒေ လိုက်နာဖို့ တက်ဟုန်းပြည်ခွဲ၊ မံစီမြို့ ဆိုက်ဘာလုံခြုံရေးနဲ့ အချက်အလက် နည်းပညာဌာနက ဧပြီ ၂၉ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။

အင်တာနက်အသုံးပြုသူတွေအနေနဲ့ လူမှုကွန်ရက်မှာ တရုတ်နိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေကို ဖောက်ဖျက်တာ၊ နိုင်ငံလုံခြုံရေးနဲ့ လူမှုတည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေတာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဘာသာရေးယုံကြည်ချက်ကို ထိခိုက်ပျက်ပြားစေတဲ့ အချက်အလက်တွေကို ပို့စ်တင်တာနဲ့ ဖြန့်ဝေတာတွေကို ရှောင်ကြဉ်ပြီး မိမိအသိစိတ်နဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်ဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေနဲ့ မူဝါဒတွေကို လေးစားလိုက်နာဖို့ အသိပေးစာ ထုတ်ပြန်ထားပါတယ်။

လူမှုအဖွဲ့အစည်း ဒါမှမဟုတ် တပါးသူကို ထိခိုက်နစ်နာစေမယ့် ကောလာဟလ သတင်းတွေကို မယုံကြည်ဖို့၊ ပို့စ်တင်ဖြန့်ဝေ၊ မျှဝေခြင်းမလုပ်ဖို့၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေမယ့် စာသားတွေ၊ ရုပ်ပုံ ရုပ်သံတွေနဲ့ ကြမ်းတမ်းညစ်ညမ်း၊ အောက်တန်းကျ၊ သွေးထွက်သံယို၊ အကြမ်းဖက်မှုနဲ့ ကြောက်ရွံ့ထိတ်လန့်ရတဲ့ သတင်းအချက်အလက် အမျိုးမျိုးကို လုံးဝ တားမြစ်ပိတ်ပင်ကြောင်းလည်း ဖော်ပြထားပါတယ်။

လိုင်းပေါ် တပါးသူကို မတော်မတရား ဆဲဆိုပုတ်ခတ်ပြောဆိုတာ၊ ဂုဏ်သိက္ခာ ပျက်ပြားစေတာ၊ ကောလာဟလဖြန့်ဝေတာ၊ ကိုယ်ရေးကိုယ်တာ ချိုးဖောက်တာ၊ တပါးသူကို စော်ကားတာ စတဲ့ သတင်းအချက်အလက်တွေကို Follow မပြုလုပ်ဖို့လည်း ဖော်ပြထားပါတယ်။

တရုတ်ဘက် နယ်စပ်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးက “လိုင်းကနေ အခု ဖြစ်ပျက်နေတာတွေကို အရေးယူတော့မှာ။ လိုင်းပေါ်မှာ လိမ်တာတွေရော” လို့ ပြောပါတယ်။

တရုတ်ဘက်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြဿနာတက်ရင်လည်း လိုင်းပေါ်တင်ပြီး ရန်ဖြစ်ကြတာ‌တွေ၊ ဘာမှမဟုတ်လည်း လိုက်ဖ်လွှင့်ပြီး ပြဿနာဖြစ်ကြတာတွေအပြင် လိုင်းပေါ်ကနေ လိမ်‌လည်ကာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် အတု၊ တရုတ်ဘက်က စစ်ဆေးရေးဂိတ် ဖြတ်ကျော်ခွင့် QR Code အတုတွေကို ငွေကြေး အဆမတန်ယူတာတွေ ဖြစ်နေကြတယ်လို့ သူကပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတဦးက“လိုင်းပေါ်က သတင်းတွေလည်း ဘယ်ဟာမှန်လဲတောင် မသိတော့ဘူး။ ရွှေလီက သတင်းက တခြားနေရာထက် ဆိုးသလိုပဲ” လို့ ပြောပါတယ်။

တရုတ်ဘက်က စည်းကမ်း ပိုတင်းကျပ်လာလေ လိုင်းပေါ်မှာ ကောလာဟလသတင်း ပြန့်နေတာနဲ့ မြန်မာနိုင်ငံသားတွေ ရန်ဖြစ်နေတာတွေပဲ တွေ့နေရတယ်လို့ သူက ပြောပါတယ်။

တရုတ်ဘက်ကတော့ ကိုယ့်ဘာသာ ချန်နယ်ထောင်တာတွေ၊ နိုင်ငံတကာကွန်ရက် ချိတ်ဆက်တာတွေ တားမြစ်ကြောင်း ဖော်ပြထားတဲ့အပြင် ငွေပေးချေတဲ့ အက်ပလီကေးရှင်းတွေ အပါအဝင် တခြားအကောင့် အက်ပလီကေးရှင်းတွေ ဝင်မယ်ဆိုရင် ကိုယ်ရေးကိုယ်တာ အချက်အလက်၊ အရေးကြီး အချက်အလက်တွေ သတိထားဖြည့်သွင်းဖို့၊ အခမဲ့ Wifi တွေနဲ့ အရေးကြီးအချက်အလက် ဖြည့်စွက်တာ မလုပ်ဖို့၊ မသိတဲ့ ဝက်ဘ်ဆိုက်တွေကို မနှိပ်ဖို့၊ အွန်လိုင်းကနေ သိသူတွေနဲ့ တွေ့ဆုံတာတွေ မလုပ်ဖို့၊ အကောင့် Password တွေကို လွယ်ကူတဲ့ စာလုံး၊ ဂဏန်းတွေ မသုံးဖို့ အသိ‌ပေးထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

လိမ်လည်ခံရပါက စကားပြောထားတဲ့ မှတ်တမ်း၊ အချက်အလက်တွေနဲ့ ရဲစခန်းကို အချိန်မီ တိုင်ကြားဖို့နဲ့ အွန်လိုင်းမှာ ကောလာဟလသတင်း၊ ဥပဒေချိုးဖောက်ခြင်းနဲ့ မကောင်းတဲ့ သတင်းမျိုးစုံကို တွေ့ရှိပါက ဒေသအသီးသီးရှိ ဆိုင်ဘာလုံခြုံရေးနဲ့ သတင်းအချက်အလက် နည်းပညာကော်မတီရုံးဌာနကို အချိန်နဲ့တပြေးညီ သတင်းပေးပို့ဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

Photo - တရုတ်-မြန်မာနယ်စပ် ဖြတ်သန်းခွင့် တိုကင်ပေးသည့်နေရာတွင် တန်းစီနေသည့်လူများ (ပုံဟောင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013