ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ စမွတ်စခွန်းမြို့ နားခုတ်ရပ်ကွက်ရှိ Recycle စက္ကူစက်ရုံမှာ ဧပြီ ၃၀ ရက် ညနေကတည်းက မီးလောင်နေတာမှာ မေလ ၁ ရက် ဒီမနက်ပိုင်းထိ မီးငြှိမ်းသတ်လို့ မရနိုင်သေးဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စက်ရုံရဲ့အနောက်ဘက်မှာ သိုလှောင်ထားတဲ့ စက္ကူအဟောင်းပုံ ၃ ပုံကနေ စတင်လောင် ကျွမ်းတာဖြစ်ပြီး စမွတ်ပရကန်၊ စမွတ်စခွန်းက မီးသတ်ကားအစီး ၂၀ နဲ့ သွားငြှိမ်းခဲ့တယ်၊ ည ၁၀ နာရီကျော်ထိ မီးမငြိမ်းသေးတာကြောင့် ဘန်ကောက်က မီးသတ်ကား နောက်ထပ် ၁၀ စီး စုစုပေါင်း မီးသတ်ကား အစီး ၃၀ နဲ့ ငြှိမ်းသတ်တာတောင် ခုထိမငြိမ်းသေးဘူးလို့ မီးသတ်တပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။
စက္ကူပုံအောက်မှာ မီးကြွင်းမီးကျန်တွေမရှိအောင် ဘက်ဟိုးကား ၅ စီးနဲ့ စက္ကူအပုံကို ခြေမွနေပြီး စက္ကူအဟောင်းတွေကို သိပ်သည်းစွာလုံးထားပြီး တောင်လို ပုံနေတာကြောင့် ခက်ခဲစွာ မီးငြှိမ်းသတ်နေရတယ်လို့ ဆိုပါတယ်။
အဆိုပါစက်ရုံမှာ စက္ကူအဟောင်းတွေကို ပြန်လည်အသုံးပြုပြီး လူသုံးကုန်ပစ္စည်းထုတ် လုပ်တဲ့အပြင် ပလပ်စတိတ်ပစ္စည်းတွေပါ ထုတ်လုပ်တယ်၊ စက်ရုံမှာ အကျယ် ၅ ဧကကျော်ရှိ ကွင်းပြင်ကျယ်မှာတည်ရှိတာကြောင့် အနီးနားပတ်ဝန်းကျင်မှာ နေအိမ်မရှိလို့ လူရော နေအိမ်အဆောက်အဦပါ ကူးစက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။
မီးစလောင်ရတဲ့အကြောင်းရင်းကို မသိရသေးဘဲ အပူရှိန်ပြင်းထန်တာကြောင့်လို့ ကနဦးယူဆရကြောင်း၊ နောက်ထပ် ၁ ရက် ၂ ရက်အကြာထိ မီးသတ်နေရဦးမယ်လို့ မီးသတ်ဝန်ထမ်းက ပြောသွားပါတယ်။
ဧပြီ ၃၀ ရက်တရက်တည်းမှာ အယုဒ္ဓယခရိုင်၊ ဘန်ဆိုင်းမြို့နယ်၊ ခုတ်ချန့်ရပ်ကွက်ထဲမှာလည်း မွေ့ယာစက်ရုံတခု မီးလောင်မှုဖြစ်ပြီး မီးသတ်ကား ၂၀ စီးနဲ့ ငြှိမ်းသတ်ခဲ့တယ်၊ ဆုံးရှုံးမှုတန်ဖိုး ဘတ်သန်းပေါင်း ၄၀ ခန့်ရှိတယ်လို့ ထိုင်းနိုင်ငံထုတ် သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။
Source: The Nation
Photo Credit- Fire & Rescue Thailand