အမေရိကန် နိုင်ငံစုံကော်ပိုရေးရှင်းနဲ့ နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ဟာ အင်ဒိုနီးရှားမှာ လာမယ့် ၄ နှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး အဲဒီထဲမှာ ဒေတာစင်တာတွေ တည်ဆောက်ခြင်းကနေ cloud ဝန်ဆောင်မှုတွေနဲ့ ဉာဏ်ရည်တု တိုးချဲ့တာတွေအထိ ပါဝင်မယ်လို့ ဂျကာတာကို ရောက်ရှိနေတဲ့ မိုက်ခရိုဆော့ဖ် အမှုဆောင်အရာရှိချုပ် ဆာတီးယား နာ့ဒါလာက ဧပြီ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှုဟာ “နောက်ဆုံးပေါ်နဲ့ အကြီးကျယ်ဆုံး AI အခြေခံအဆောက်အအုံတွေကို အင်ဒိုနီးရှားကို ယူဆောင်လာလိမ့်မယ်” လို့ နာ့ဒါလာက ဂျကာတာမှာ အဓိကမိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။
အဲဒီမတိုင်ခင်က ပူးတွဲ AI သုတေသနနဲ့ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးဖို့ ရာထူးက နုတ်ထွက်သွားပြီဖြစ်တဲ့ သမ္မတဟောင်း ဂျိုကို ဝီဒိုဒိုနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
မိုက်ခရိုဆော့ဖ်ဟာ ၂၀၂၅ ခုနှစ်မှာ အင်ဒိုနီးရှားက လူပေါင်း ၈၄၀,၀၀၀ အပါအဝင် အရှေ့တောင်အာရှရှိ လူပေါင်း ၂ ဒသမ ၅ သန်းကို AI အသုံးပြုမှု လေ့ကျင့်ပေးမှာ ဖြစ်တယ်လို့လည်း နာ့ဒါလာက ထပ်လောင်းပြောပါတယ်။
နာ့ဒါလာဟာ အမေရိကန်ကုမ္ပဏီရဲ့ မျိုးဆက်သစ် AI နည်းပညာကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ခရီးစဉ်မှာ ဂျကာတာကို ပထမဆုံး ခရီးထွက်ခဲ့တာဖြစ်ပြီး သူဟာ အခုသီတင်းပတ်နှောင်းပိုင်းမှာ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာဖြစ်ပါတယ်။
Source/Photo-REUTERS/Willy Kurniawan