Home
မြန်မာသတင်း
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် AI အဖွဲ့ တောင်း ဆို
DVB
·
May 1, 2024
ko-thet-win-aung_22112023

စစ်ကောင်စီက မတရားဖမ်းဆီးပြီး ထောင်ဒဏ် ၇ နှစ်ချထားတဲ့  အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီကနေ့ မေ ၁ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တောင်းဆို လိုက်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီလိပ်မူ ပေးပို့ထားတဲ့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အကျဉ်းကျခံနေရချိန်အတွင်း ကိုသက်နှင်းအောင်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ရှိနေသလို နေ့စဉ်လိုအပ်တဲ့ ဆေးဝါးတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ တခြားသော အကျင့်ပျက်ခြစားမှုတွေအတွက်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ကိုသက်နှင်းအောင်အတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ချက်ချင်းရရှိဖို့ အာမခံချက်ပေးဖို့၊ သူ့ကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးပြီး လူ့အခွင့်အရေးနဲ့အညီ လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးဖို့၊ အတင်းအဓမ္မ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတာမျိုးတွေကို အဆုံးသတ်ပြီး ဖမ်းဆီးခံရသူတွေရဲ့ တည်နေရာကို ထုတ်ဖော်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ စုဝေးတာတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် နိုင်ငံတွင်းက လူတိုင်းရဲ့ လူ့အခွင့်အရေးကို လေးစားမှုရှိစေဖို့ စတာတွေကို လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှု စတင်ချိန် ထောင်နဲ့ချီတဲ့ အလုပ်သမားသမဂ္ဂတွေထဲမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူ့ကို စစ်ကောင်စီက ကရင်ပြည်နယ် မြဝတီမြို့မှာ ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှာတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်အပြင် ငွေဒဏ် ကျပ် ၂၀၀၀၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ထောင်ဒဏ်လွတ်ရက်စေ့တဲ့ ၂ဝ၂၃ ခုနှစ် ဇွန် ၂၆ ရက်မှာ ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးခဲ့ပြီး တောင်ဒဂုံမြို့နယ်တရားရုံးက‌နေ နိုဝင်ဘာ ၁၅ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်ထားခဲ့တာပါ။

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်နဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)ကလည်း မေဒေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

MICS-TUsF တာဝန်ရှိသူတဦးက "ဖမ်းဆီထိန်းသိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရပ်ဖို့၊ ကိုသက်နှင်းအောင်ကို အမြန်ပြန်လွှတ်ပေးဖို့က မေဒေးနေ့တောင်းဆိုချက်ဖြစ်ပါတယ်"လို့ ပြောပါတယ်။

အဲဒီလို အလုပ်သမားအဖွဲ့ချုပ် ခေါင်းဆောင်တဦးကို စစ်ကောင်စီက မတရားဖမ်းဆီးထောင်ချတဲ့ အပေါ် နိုင်ငံတကာအလုပ်သမားအဖွဲ့တွေက ကန့်ကွက်ခဲ့ကြသလို ကိုသက်နှင်းအောင်နဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ကလည်း တောင်းဆိုထားပေမဲ့ ကိုသက်နှင်းအောင်ရဲ့ သတင်းအစအန မရဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နောက်ဆုံးရရှိ ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၃ နှစ် ကျော် ကြာလာခဲ့ချိန်အထိ နိုင်ငံတဝန်း ပြည်သူ ၂၆,၅၈၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီ ထဲမှာ ၂၀,၃၇၅ ယောက်က ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၈,၉၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013