ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီက ဆေးဝါးနဲ့ ကုန်စည်ပို့ဆောင်ခွင့်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတဲ့အတွက် ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာပြီး ဝယ်ယူလို့မရတော့တဲ့ အခြေအနေတွေအထိ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဧပြီ ၂၄ ရက်ကတည်းက ရက်ဆက် တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီက သံတွဲမြို့နယ်ကို ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီက အဲဒီလို ဆေးဝါးနဲ့ ကုန်စည်စီးဆင်းခွင့်ကို ကန့်သတ်လိုက်တာကြောင့် ဆေးတွေနဲ့ အခြေခံစားသောက်ကုန်ကအစ ပြတ်တောက်မှုရှိလာပြီလို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။
“သံတွဲမှာ တိုက်ပွဲပြင်းလာတဲ့အတွက် စစ်ကောင်စီက ဆေးဝါးနဲ့ ကုန်စည်စီးဆင်းခွင့်ကို လုံးဝကို ပိတ်ထားတာဖြစ်တယ်။ ဆေးဆိုင်တွေမှာလည်း ဆေးတွေမရှိတော့ဘူး။ အရင် လက်ကျန်ဆေးတွေလည်း ဈေးနှုန်းက ၃ ဆ ၄ ဆလောက် မြင့်တက်သွားပြီ။ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ အသား ငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကလည်း လုဝယ်ရတဲ့ အခြေအနေမှာ ရှိတယ်။ စျေးတွေကလည်း တအားကို ထိုးတက်နေတာ။”
သံတွဲမြို့နယ်မှာ ဧပြီ ၁၃ ရက်ကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အကြား စတင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဧပြီ ၂၄ ရက် နောက်ပိုင်းမှာ ပိုမိုပြင်းပြင်းထန်ထန် ဖြစ်ပွားလာကြတာ ဖြစ်ပါတယ်။
သံတွဲမြို့အတွင်းကို ပြည်မဘက်ကမှာယူတဲ့ ဆေးတွေကိုလည်း လေဆိပ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းယူခဲ့ပြီး မှာယူတဲ့ ဆေးဆိုင်ပိုင်ရှင်တွေကိုလည်း ရက္ခိုင့်တပ်တော်ကို ဆေးဝါးထောက်ပံ့မှုနဲ့ တရားစွဲမယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ကျေးရွာပေါင်း ၈ ရွာနီးပါးက ဒေသခံ ၁,၀၀၀ နီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြပါတယ်။