ဂျာမနီနိုင်ငံရဲ့ မြို့တော် ဘာလင်ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူ အယောက် ၂,၈၀၀ လောက်ဟာ ဧပြီ ၃၀ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မေဒေးနေ့အကြို ဂုဏ်ပြုတဲ့အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့တာပါ။ အရင်နှစ်တွေကတော့ မေဒေးနေ့အကြို ချီတက်ပွဲတွေဟာ ဆူပူအုံကြွမှု၊ သွေးထိုးလှုံ့ဆော်မှုအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဆန္ဒပြသူတွေက “ယောက်ျားကြီးစိုးရေးဝါဒ ချက်ချင်းရပ်၊ မင်း ငါတို့ကို နှုတ်ပိတ်လို့ရမှာ မဟုတ်” စတဲ့စာတန်းတွေ ကိုင်ဆောင်လာပြီး ချီတက်ပွဲ လမ်းကြောင်းတလျှောက် မီးရှူးမီးပန်းတွေကို ပစ်ဖောက်ခဲ့ကြပါတယ်။
ဘာလင်မြို့သားအားလုံး ရဲတပ်ဖွဲ့ကို မုန်းတယ်ဆိုတဲ့ ကြွေးကြော်သံတွေကို ထပ်ခါတလဲလဲ ကြားရပြီး ဒါဟာ အရင်နှစ်တွေတည်းက သိထားတာတွေလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဂျာ ဒီယက်ရှ်ကာက ပြောပါတယ်။
ဧပြီ ၃၀ ရက်မှာ တပ်ဖြန့်ထားတဲ့ ရဲအရာရှိ အကြမ်းဖျင်း အယောက် ၃,၀၀၀ နဲ့ မေဒေးအတွက် ရဲအရာရှိ အယောက် ၆,၀၀၀ ကို ပြင်ဆင်ထားတယ်လို့လည်း သူကပြောပါတယ်။
“ရာဇဝတ်မှုကျူးလွန်ရင် မြန်မြန်ဆန်ဆန်နဲ့ အရေးယူမှာပါ” လို့လည်း သူက ဆက်ပြောပါတယ်။
၁၉၈၇ ခုနှစ်မှာ စတင်ခဲ့တဲ့ မေ ၁ ရက် အလုပ်သမားနေ့ အားလပ်ရက်မှာ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် မြို့တွင်း နေရာအနှံ့အပြားမှာ ပျက်စီးဆုံးရှုံးမှု အများအပြား ရှိခဲ့ဖူးပါတယ်။
ရဲတပ်ဖွဲ့က အဓိကရုဏ်း ဖန်တီးသူတွေကို အရှိန်လျှော့ချဖို့ နည်းဗျူဟာကို ပြောင်းလဲခဲ့ပြီးတဲ့နောက် မကြာသေးမီနှစ်တွေအတွင်း အဓိကရုဏ်းတွေ လျော့ကျသွားခဲ့ပါတယ်။
Source/Photo-Reuters