Home
မြန်မာသတင်း
ဆိပ်ဖြူတွင် စစ်ကား ၃ စီးနှင့် စဉ့်ကူး ဝါးပိုးချပ်စခန်း တိုက်ခိုက်ခံရ၊ ဒုဗိုလ်မှူးကြီး အပါအဝင် ၁၆ ဦး သေဆုံး
DVB
·
May 1, 2024
Att 152024
Att 1 152024

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကား ၃ စီးကို မိုင်းဆွဲခဲ့ရာ ၅ ဦး သေဆုံးပြီး စစ်ကားတွေ ပျက်စီးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP-ပကဖ) ကနေ သိရပါတယ်။

ဆိပ်ဖြူမြောက်ပိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူတဦးက “ဧပြီ ၃ဝ မနေ့က ဆိပ်ဖြူမြို့နယ်၊ ၁ဝ မိုင်လမ်းဆုံဂိတ်ကနေ ထွက်လာတဲ့ စစ်ကား ၂ စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်းပေါ်မှာ မိုင်းဆွဲလိုက်တာ ရှေ့ကားတစီးထိပြီး  ၃ ကောင် လစ်သွားတယ်။ ဒဏ်ရာရတဲ့ ‌‌သူ တွေလည်း ရှိတယ်။ မိုင်းမထိတဲ့ နောက်က ကားနဲ့ ပြန်သယ်သွားတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်ကလည်း ဆိပ်ဖြူမြို့ပေါ်က ထွက်လာတဲ့ စစ်ကားတစီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်းပေါ်မှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP-ပကဖ)၊ ပခုက္ကူခရိုင်၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဆိပ်ဖြူ-ပေါက် လမ်းပိုင်းပေါ်မှာ မကြာခဏဆိုသလို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံရလို့ စစ်ကားတွေပျက်စီးကာ စစ်ကောင်စီတပ်သားတွေ သေဆုံး၊ ဒဏ်ရာရရှိသူ များနေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်၊ ဝါးပိုးချပ်စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၈ ရက် မနက်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အပါဝင် ၁၁ ဦး သေဆုံး၊ ၁၅ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။ 

"တိုက်ပွဲကတော့ နာရီပိုင်းလောက်ပဲ ကြာခဲ့ပါတယ်။ အညံ့ခံခဲ့တဲ့ စစ်သားတွေကို သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။"

ဝါးပိုးချပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် ဒုဗိုလ်မှူးကြီး တင်ကို အပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး MDY PDF က  ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲ ပြုလုပ်နေချိန်မှာ စစ်ကောင်စီတပ်က လက်နက်ချအလင်းဝင်လာသူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုသမှုပေးထားတယ်လို့ သိရပါတယ်။

ဝါးပိုးချပ်ကျေးရွာစခန်းကနေ လက်နက်ငယ် ၁၉ လက်နဲ့ ၆၀ မမစိန်ပြောင်းအပါအဝင် လက်နက်ခဲယမ်း အများပြားသိမ်းဆည်းရမိခဲ့တဲ့အပြင် စဥ့်ကူးမြို့နယ်က တခြားစခန်းတခုကိုလည်း သိမ်းဆည်းရမိခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013