ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ဒေသခံပြည်သူတွေကို မြို့တွင်းမှာ ပြန်လည်နေထိုင်ဖို့ ခေါ်နေပေမဲ့ အများစုက ပြန်လည်မနေထိုင်ရဲသေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။
ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေး အမည်နဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
ဒီနောက် KNLA ပူးပေါင်းတပ်တွေက ဆုတ်ပေးလိုက်တာကြောင့် စစ်ကောင်စီတပ်တွေ ကော့ကရိတ်မြို့တွင်းမှာ ဝင်ရောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတာပါ။
ဧပြီ ၂၇ ရက်ကစတင်ပြီး စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူနေပါတယ်။
စစ်ရှောင်ပြည်သူတဦးက “ဒီနေ့ပြန်သွားတယ်။ သူတို့က လာပြန်နေခိုင်းတယ်။ ကြားညှပ်မှာပဲ စိတ်ပူတယ်။ တချို့ပြည်သူတွေက အိမ်ရှိပေမဲ့ မနေရဲသေးတဲ့သူတွေကလည်း ရှိသေးတယ်။ ဒီနေ့ တူမလေးဆိုင်ပစ္စည်းတွေ သွားသယ်ပြီးတော့ ပြန်လာတယ်။ ပြန်ဝင်တဲ့သူတွေက အများကြီးပဲ။ ဝင်ပြီး ပြန်ထွက်လာကြတယ်”လို့ ပြောပါတယ်။
မေ ၁ ရက်က စတင်ပြီး ကော့ကရိတ်မြို့မှာ ဌာနဆိုင်ရာရုံးတွေ ရုံးလုပ်ငန်းပိုင်ဆိုင်ရာတွေ ပြန်လည် လည်ပတ်ဖို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကော့ကရိတ်မြို့ကို အလုံးစုံထိန်းချုပ်လို့ရမှာ မဟုတ်သလို ဌာနဆိုင်ရာတွေပြန်လည်ခေါ်ယူတာ၊ ပြည်သူတွေကို ပြန်ခေါ်ယူတာဟာ လူသားဒိုင်းလုပ်တာလို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။
“ကော့ကရိတ်မြို့မှာ ဌာနဆိုင်ရာရုံးတွေ ပြန်ဖွင့်ဖို့ ဌာနဆိုင်ရာတွေကို ပြန်ခေါ်နေတယ်ဆိုတာ ဒါတော်တော် သတ္တိကောင်းတယ်လို့ပဲ မြင်တယ်၊ မထင်ဘူး။ နောက်ပြီး ပြည်သူလူထုတွေကို သူတို့ပြန်ခေါ်ခြင်းအားဖြင့် ကျနော်တို့အနေနဲ့သုံးသပ်တာ ဒါသက်သက်မဲ့ လူသားဒိုင်းလုပ်တယ်လို့ပဲ မြင်တယ်။ ဒီစစ်ဖြစ်တဲ့ နယ်မြေမှာ လူထုတွေ ပြန်နေဖို့ဆိုတာ တော်ရုံဖြစ်နိုင်တဲ့ အနေအထားမရှိနိုင်ဘူး။”
ဧပြီ ၁၉ ရက်ကစပြီး ၂၁ ရက်အထိ ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်က အထိနာပြီး နှစ်ဖက်တိုက်ပွဲအတွင်း မြေပြင်နဲ့ဝေဟင်ကနေ အဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါအပြင် ဒရုန်းနဲ့ ဓာတုဗုံးလို့ယူဆရတဲ့ ဗုံးတွေပါအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းဘက်က ကော့ကရိတ်မြို့ကနေ့ ဆုတ်ခွာပေးခဲ့ရပါတယ်။
မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်သူတွေကို မတားလိုပေမဲ့ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။
“ဝင်ရောက်နေထိုင်သူတွေကိုတော့ ကျနော်တို့အနေနဲ့ မတားလိုပါဘူး။ ဒါက သူတို့ရဲ့ ရွေးချယ်မှုပဲလေ။ အချိန်မရွေးကတော့ မီးထလောင်နိုင်တယ်၊ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်၊ ပစ်ခတ်မှုတွေဖြစ်လာနိုင်တယ်။ ကျနော်တို့ဘက်က ပြည်သူလူထုထိခိုက်မှာ ကြောက်တာရယ် ငဲ့တဲ့အပိုင်းတွေရှိတယ်။ ရန်သူကတော့ ဒီလိုငဲ့မှာမဟုတ်ဘူး။ သူတို့မထိခိုက်ရေးအတွက် လူသားဒိုင်းလုပ်မှာကိုပဲ ကျနော်တို့ စိုးရိမ်တယ်။”
ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာတော့ ဒေသခံအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ဘိန်းကျေးရွာရဲစခန်းကို ဧပြီ ၂၅ ရက်က စစ်ကောင်စီတပ်သားတွေ ပြန်လည်သိမ်းပိုက်ပြီးနောက် ပစ္စည်းသယ်ထုတ်နေတဲ့ အသက် ၃၀ ကျော်အရွယ် မင်းစိုက်ဂျီကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ပစ္စည်းနဲ့ ဆိုင်ကယ်တွေကို သိမ်းဆည်းခဲ့ပါတယ်။
ဧပြီ ၂၈ ရက်က ကော့ဘိန်းရွာ ဈေးနားမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကိုမင်းစိုက်ဂျီ အလောင်းနဲ့ တခြားအမျိုးသားအလောင်းတို့ကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပစ္စည်းပြန်သယ်ထုတ်တဲ့အချိန်မှာ ဖမ်းသွားတာပါ။ အလောင်းအခြေအနေက ပုပ်နံ့ပါ ထွက်နေတော့ ဖမ်းသွားပြီး ၁ ရက်၊ ၂ ရက်အတွင်း သတ်လိုက်တာဟုတ်မယ်။ ပြီးမှ ဈေးထဲလာ လွှင့်ပစ်တာ ဟုတ်မယ်။ သူက ထိုင်းကပြန်လာတာ မကြာသေးဘူး။ တခြားအမျိုးသား အလောင်းကတော့ ဘယ်သူမှန်း သေချာမသိသေးဘူး။”
သေဆုံးခဲ့တဲ့ အမျိုးသား ၂ ဦးလုံးကို တွေ့ရှိခဲ့တဲ့ ကော့ဘိန်းဈေးနားမှာပဲ ဧပြီ ၂၈ ရက်က သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ကော့ဘိန်းရဲစခန်းမှာ စတင်တပ်စွဲတဲ့ ဧပြီ ၂၅ ရက်မှာပဲ ဆိုင်ကယ်မောင်းလာတဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတဦးကို ဆိုင်ကယ်မရပ်ပေးလို့ ဆိုပြီး ပစ်သတ်ခဲ့ပါတယ်။
ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီနဲ့ BGF တပ်သား အင်အား စုစုပေါင်း ၃၀၀ လောက်နဲ့ တပ်စွဲပြီးနောက် ကော့ဘိန်းနဲ့ အနီးနားမှာရှိတဲ့ ဒေသခံတွေကို ဖုန်းစစ်တာနဲ့ မထင်ရင် မထင်သလို ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ကော့ဘိန်းနယ်မြေရဲစခန်းကို မတ် ၂၅ ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ၂၃ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကော့ကရိတ်-အာရှလမ်း၊ အောက်ဗိုလ်တဲ (လမ်းဟောင်း)နဲ့ ထို့ကော်ကိုးလမ်းတွေကို အသုံးပြုပြီး ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။
နေ့တိုင်းလိုလို စစ်ကောင်စီက ထိုးဖောက်ဖို့ကြိုးစားတိုင်း KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ တားဆီးတိုက်ခိုက်တာခံရပြီး အထိနာကာ ပြန်လည်ဆုတ်ခွာနေရပါတယ်။