Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်တွင် တရုတ် တိုက်ခိုက်မှုကြောင့် သင်္ဘော ၁ စီး ပျက်စီးခဲ့ဟု ဖိလစ်ပိုင် စွပ်စွဲ
DVB
·
April 30, 2024
ChineseCoastguardShipAttack_30042024

ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ကမ်းခြေစောင့်တပ်က နှောင့်ယှက်ခဲ့လို့ ဖိလစ်ပိုင်သင်္ဘောတွေထဲက တစီး ပျက်စီးခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ဧပြီ ၃၀ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဖြန့်ချိတဲ့ ဗီဒီယိုဖိုင်ထဲမှာ အငြင်းပွား စကားဘိုရို ရေတိမ်သောင်ခုံနားမှာ တရုတ်ကမ်းခြေစောင့်တပ်က သင်္ဘောနှစ်စင်းက အရပ်သား ငါးဖမ်းသင်္ဘောတစင်းနဲ့အတူ ကင်းလှည့်နေတဲ့ ဖိလစ်ပိုင်သင်္ဘောကို တိုက်ခိုက်ခဲ့တာ ပြထားပါတယ်။

ကမ်းရိုးတန်းအဝင်ဝကို ဖုံးထားတဲ့ နောက်ထပ် ရေပေါ်အတားအဆီးတခုကို တရုတ်ဘက်က စိုက်ထူထားတယ်လို့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်က စွပ်စွဲထားပါတယ်။

တရုတ်ကမ်းရိုးတန်းစောင့်တပ်မှာ စစ်ရေယာဉ် ၄ စီးပါပြီး တရုတ်သင်္ဘောတွေက မနက်ပိုင်း ထိပ်တိုက်တွေ့ချိန်အတွင်း ရေအမြောက်တွေနဲ့ ၈ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင် ငါးလုပ်ငန်းနဲ့ ရေနေအရင်းအမြစ်ဗျူရို (BFAR) တာဝန်ရှိသူတဦးက ပြောပါတယ်။

BRP ဓာတူဘန်ကော်သင်္ဘောကို ရေအမြောက်တွေ ၄ ကြိမ်တိုင်တိုင် တိုက်ရိုက်ထိမှန်ခဲ့တယ် လို့လည်း BFAR ဗျူရိုက ဆိုပါတယ်။ တင်းမာမှုတွေကြောင့် BFAR ရေယာဉ်ရဲ့ လက်ရန်းတွေကို ၂ ကြိမ် တိုက်မိခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့လုပ်ရပ်ကြောင့် သင်္ဘော စက်ပစ္စည်းတချို့ ပျက်စီးခဲ့တယ်လို့ ဗျူရိုက သီးခြား သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ပြည်မကြီးအစိုးရနဲ့ ဖိလစ်ပိုင်အစိုးရတို့ဟာ မကြာသေးမီလတွေအတွင်းက ဒီသန္တာကျောက်တန်းမှာ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့တာပါ။

ဖိလစ်ပိုင်ကလည်း ဒီနေရာဟာ သူ့ရဲ့ သီးသန့်စီးပွားရေးဇုန်ထဲမှာ ရှိတယ်လို့ ပြောပြီး တရုတ်ကလည်း သူပိုင်တယ်လို့ ပြောထားပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ အငြင်းပွား အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းစုတွေနားမှာ ဂျပန်နိုင်ငံရေးသမားတွေနဲ့လည်း ဧပြီ ၂၈ ရက်က ရင်ဆိုင်ခဲ့ပါသေးတယ်။

ဂျပန်က ဆန်းခပ်ခုလို့ခေါ်ပြီး တရုတ်က ဒိုင်းအိုးယုလို့ခေါ်တဲ့ ကျွန်းတွေနားမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေအပြီး ‘ချိုးဖောက်မှုတွေ ရန်စခြင်း’ တွေနဲ့ ပတ်သက်လို့ တရုတ်သံရုံးက ကန့်ကွက်စာတွေ ပေးပို့ထားပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း တိုမိုမိ အိနဒ ပါတဲ့အဖွဲ့ဟာ စစ်ဆေးရေးခရီးစဉ်အတွင်း ကျွန်းတွေနားမှာ ၃ နာရီကြာ နေထိုင်ခဲ့တယ်လို့ NHK သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024