အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာပေးပို့တာနဲ့ ဧည့်တွေ့မှုတွေ ပြုလုပ်တဲ့အခါ နေရာတန်းစီစနစ်နဲ့ သွားနေပေမဲ့ နေရာရောင်းချမှုတွေ ရှိနေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောပါတယ်။
အင်းစိန် ထောင်တံခါးအရှေ့မှာ မနက် ၄ နာရီလောက်ကစပြီး ထောင်ဝင်စာပေးပို့ဖို့နဲ့ ဧည့်တွေ့ခွင့် ရဖို့ စောင့်ဆိုင်းကြရသူတွေကို အားမနာဘဲ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက နေရာ ရောင်းချထားလို့ အစောရောက်ပေမဲ့ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသိုက်က “နေရာရောင်းချတာတွေကို စောင့်ကြည့်နေတာ အနည်းဆုံး တလခွဲလောက် ရှိသွားပြီ။ အခုချိန်ထိ မလျော့ကျသွားဘူး။ ထောင်က တာဝန်ကျတဲ့ ဝန်ထမ်းတွေကို ပြောပေမဲ့ မထူးခြားဘူး။ ထောင်ရှေ့မှာ စောင့်ရတဲ့ လူတန်းကြီးက အနည်းဆုံး အယောက် ၁၀၀ ကနေ ၅၀၀ အထိရှိတဲ့ ရက်တွေ ရှိတယ်”လို့ ပြောပါတယ်။
ထောင်ဝင်စာပေးပို့ခွင့်ရဖို့အတွက် တန်းစီစောင့်ဆိုင်းရပြီး အလှည့်ရောက်ဖို့ အချိန် ၃ နာရီကနေ ၅ နာရီကျော်ပေးရတဲ့အပြင် နေရာရောင်းချထားတာကြောင့် ပြန်လည်စောင့်ဆိုင်းရတာတွေ ရှိနေလို့ ပူပြင်းတဲ့နွေရာသီမှာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေအဖို့ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခုလို နေရာရောင်းပြီး စီးပွားရှာနေတဲ့ကိစ္စနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာန အာဏာပိုင်တွေကို ပြောပြပေမဲ့ ထောင်အပြင်မှာ ဖြစ်တဲ့ကိစ္စ ဖြစ်တာကြောင့် မသက်ဆိုင်ဘူးဆိုပြီး လျစ်လျူရှုထားတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှာ ကိုသိုက်က “အဓိကကတော့ သူတို့(အကျဉ်းဦးစီး)အတွက်လည်း အကျိုးအမြတ်ရှိလို့ cover ပေးတယ်ပေါ့၊ မသိချင်ယောင်ဆောင်ပေးနေတာ။ ဘယ်လောက်ပဲ မဟုတ်ဘူးပြောပြာ သိသာထင်ရှားနေတာပဲလေ။ အကျိုးမြတ်မရှိဘဲနဲ့တော့ ဒီလိုမထားပေးဘူးလို့ပဲ ပြောချင်ပါတယ်”လို့ ပြောပါတယ်။
ကျန်တဲ့အကျဉ်းထောင်တွေကိုလည်း စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေပြီး အင်းစိန်ထောင် ကတော့ နေရာရောင်းချမှု ပြုလုပ်နေတာ တလကျော်နေပြီလို့ သိရပါတယ်။