Home
မြန်မာသတင်း
စစ်တွေမြို့ကို ပိတ်ဆို့ မြေမြှုပ်မိုင်းထောင်ထားသဖြင့် မြို့ခံများ တိမ်းရှောင်ရန် ခက်ခဲနေ
DVB
·
April 30, 2024
Sittway-Tsp 3042024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ကုန်းလမ်းရော၊ ရေလမ်းပါပိတ်ဆို့ထားတဲ့အပြင် စစ်ကောင်စီက မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် မြို့ခံပြည်သူတွေ တိမ်းရှောင်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

စစ်တွေအပါအဝင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေထဲကနေ အမြန်ဆုံးထွက်ခွာကြဖို့ကို ရက္ခိုင့်တပ်တော် (AA)  စစ်ဦးစီးချုပ်က  သတိပေးပြောကြားပြီးတဲ့နောက် ဒေသခံတွေဟာ မြို့ကိုစွန့်ခွာနေကြတာပါ။

လက်ရှိမှာတော့ လူဦးရေအများစုက မြို့ကိုစွန့်ခွာသွားကြပြီဖြစ်ပေမဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့ပေါ်တွေမှာတော့ သုံးပုံတပုံဝန်းကျင်လောက် ပိတ်မိနေကြဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ကျန်နေတဲ့သူတွေကိုတော့ စစ်ကောင်စီက ကုန်းလမ်းရော ရေလမ်းပါ ဘက်ပေါင်းစုံကနေ ပိတ်ဆို့ထားတယ်လို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။။

ဒီအခြေအနေအပြင် မြို့ပတ်ဝန်းကျင်မှာလည်း မိုင်းတွေပါထောင်ထားတာကြောင့် မြို့ထဲကနေ မထွက်နိုင်ကြတာလို့လည်း ဆိုပါတယ်။

စစ်တွေမြို့ခံတဦးက "ကျနော်တို့ စစ်တွေဘက်ရော၊ ကျောက်ဖြူဘက်ရောအတူတူပဲ။ လူထုကို အပြင်ထွက်သွားမှာ ကြောက်ပြီး ပိတ်ဆို့ထားတာ။ လှေဆိပ်တွေ ဘက်သွားတဲ့ ဘက်တွေဆိုရင်လည်း မိုင်းကွင်းတွေရှိတယ်။ ပေါက်လို့ လူထိတာတွေလည်း ရှိတယ်။ လုံးဝပိတ်လှောင်ထားတဲ့ပုံစံပေါ့။ အကုန်လုံးဒုက္ခရောက်နေတာပေါ့။ စားနပ်ရိက္ခာဆိုလည်း တချို့တွေဆို ဝယ်မစားနိုင်ကြတော့ဘူး။ ဈေးက အရမ်းမြင့်တယ်။ ဆေးဝါးကလည်း ပြတ်တောက်နေတယ်။ ဒုက္ခကတော့ တော်တော်များတယ်”လို့ ပြောပါတယ်။

ပိတ်မိနေတဲ့သူတွေဟာ အခြေခံလူတန်းစား လက်လုပ်လက်စားတွေဖြစ်လို့ အလုပ်မရှိကြဘဲ စားဝတ်နေရေး ကျပ်တည်းခက်ခဲနေကြတယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် ကုန်ဈေးနှုန်းကလည်း အဆမတန်တက်နေသလို ဆေးဝါးပြတ်လပ်တာတွေကိုပါ ကြုံနေကြရတာပါ။ ရခိုင်နိုင်ငံရေးသမားကြီး ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ လူထုကို မြို့ထဲမှာပိတ်လှောင်ထားပြီး လူသားဒိုင်းသဖွယ်အသုံးပြုနေတယ်လို့ ဝေဖန်ပါတယ်။

"ညဘက်တွေဆို ပြည်သူတွေက ခိုးထွက်ကြတယ်။ အဲတော့ ပြည်သူတွေ ထွက်နိုင်တဲ့ လှေဆိပ်တွေ၊ နေရာတွေကို လိုက်ပြီးတော့ မိုင်းတွေကို အနှံ့ထောင်ပြီး ပိတ်ဆို့ထားတယ်။ တချို့လည်း မိုင်းထိလို့ ဒဏ်ရာရတာတွေ၊ သေတာတွေရှိနေတယ်။ အဲ့လိုမျိုး ဘာလို့ပိတ်ထားလဲဆိုရင် သူတို့ လူသားဒိုင်းအဖြစ် အသုံးမချနိုင်မှာဆိုးတာ။ လူတွေရှိနေရင် ရက္ခိုင့်တပ်တော်က အမျိုးသားအချင်းချင်းမို့လို့ လူထုဒုက္ခရောက်မှာစိုးလို့ မတိုက်ဘူးဆိုတဲ့ သဘောမျိုးရှိတယ်။ အဲဒီအခြေအနေမှာ ပြည်သူတွေကို ကာကွယ်ပေးရမယ့် အစိုးရတ တရပ်အနေနဲ့ ပြည်သူကိုမကာကွယ်ပေးတဲ့အပြင် ပြည်သူကို ရန်သူလို မိုင်းထောင် သတ်ဖြတ်တယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။"

အလားတူ တိုက်ပွဲတွေရှိနေတဲ့ ကျောက်ဖြူဘက်မှာလည်း ပိတ်မိနေတဲ့သူတွေရှိနေသေးသလို သံတွဲမြို့မှာဆိုရင်လည်း ကုန်စည်ပြတ်တောက်မှုတွေကြုံနေရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

လက်ရှိမှာတော့  AA က ကျောက်ဖြူ၊ အမ်းနဲ့ သံတွဲမြို့နယ်ထဲက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေကလည်း ဆက်ရှိနေပါတယ်။ 

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013