မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ တပ်သားသစ် ရှာမပေးနိုင်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် မြို့ထဲမှာ လူငယ်လူရွယ်တွေကို စစ်သားသစ်အဖြစ် အတင်းအကျပ် လိုက်လံစုဆောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အောင်လံမြို့ပေါ်မှာ ရပ်ကွက်အလိုက် စစ်သားသစ်စုဆောင်းရာမှာ အုပ်ချုပ်ရေးမှူး အများစုက လူရှာမပေးကြတာကြောင့် စစ်တပ်က မြို့အဝင်အထွက်မှာစောင့်ပြီး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဝင်ရောက်လာသူတွေကို ဖမ်းပြီး စစ်မှုထမ်းဖို့ အဓမ္မခေါ် ဆောင်နေတာပါ။
စစ်သားသစ်စုဆောင်းမပေးတဲ့ မကျီးကုန်းအုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်တွေက ဝင်ရောက် ဖမ်ဆီးပေမဲ့ ဖမ်းမမိဘဲ လွတ်မြောက်သွားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေက မြို့ကို၀င်လာတဲ့ အဝေးပြေးကားတွေပေါ် တက်ပြီး ပေါ်တာဆွဲတာ ဈေးထဲမှာ အလုပ်လုပ်နေသူတွေကိုလည်း ဝင်ဆွဲတာတွေလုပ်နေခဲ့လို့ မြို့က လူသွားလူလာ မရှိတော့တဲ့ အခြေအနေရောက်နေတယ်လို့ အောင်လံမြို့မ ကျီးကုန်းရပ်ကွက်နေသူက ပြောပါတယ်။
စစ်ကောင်စီက မြို့အဝင်အထွက်တွေကနေ စောင့်ဖမ်းနေသလို စက်လှေဂိတ်ကလူတွေပါ ဖမ်းဆီးနေပါတယ်။
ဖမ်းဆီးထားတဲ့လူငယ်တွေကို အောင်လံမိုးလိုင်းကားတွေက ချောဆွဲပြီး ရွှေတောင်မြို့ဘက်ကို ပို့နေတယ်လို့ အောင်လံမြို့စမ်းချောင်းရပ်ကွက်နေသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်က ဖမ်းဆီးသွားတာ ၈၀ လောက် ရှိပြီး ဈေးတွေထဲမှာ အလုပ်လုပ်တဲ့ လူငယ်တွေကိုလည်း မှတ်ပုံတင်စစ်ပြီး မပါတဲ့သူတွေကို ဖမ်းဆီးနေပါတယ်။ ဒါပေမဲ့ သိန်း ၅၀ ပေးပြီး လွတ်လာသူတွေလည်း ရှိပါတယ်။
လက်ရှိအချိန်အထိ အောင်လံမြို့နယ်က စမ်းကလေး၊ ရေတွင်းကြီး၊ ပြင်ပုံ၊ ချင်းစခန်းကြီး၊ ငလောက်၊ လှံတင်၊ မစိုးရိမ်စတဲ့ကျေးရွာက ပြည်သူ ၁၅၀ ကျော် ၊ မြို့ပေါ်ရပ်ကွက်နဲ့ မြို့အဝင်အထွက် ဂိတ်တွေကနေ ဖမ်းထားသူ ၁၃၀ ကျော် စုစုပေါင်း ၂၈၀ လောက် ရှိနေပါတယ်။
သူတို့ကို အောင်လံ အ.ထ.က ၁ စာသင်ကျောင်းထဲမှာ သွေးစစ်၊ ဆေးစစ်တာတွေ လုပ်ဆောင် နေပြီး အရပ်ကားတွေနဲ့ ပြည်ဘက်-ရွှေတောင်မြို့ဘက်တွေကို ချက်ချင်း ပို့နေတယ်လို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်၊
မင်းညို