ယီမင်နိုင်ငံရှိ ဟူသီသူပုန်တွေဟာ ပင်လယ်နီရှိ အမေရိကန်ဖျက်သင်္ဘော ၂ စင်းနဲ့ ဆိုင်ကလိတ်ဒ်စ် သင်္ဘောအပြင် အိန္ဒိယသမုဒ္ဒရာရှိ MSC Orion သင်္ဘောတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီအဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ဧပြီ ၃၀ ရက် အစောပိုင်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ယီမင်တပ်မတော်ဟာ အမေရိကန်စစ်သင်္ဘော ၂ စင်းကို ဒရုန်းအများအပြားနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရေးအရ စစ်ဆင်ရေးတွေမှာ ဟူသီရဲ့ ရည်မှန်းချက်တွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဆိုင်ကလိတ်ဒ်စ်သင်္ဘောကိုတော့ ရေတပ် တပ်ဖွဲ့တွေ၊ ဒုံးကျည်တပ်ဖွဲ့တွေနဲ့ ယီမင်တပ်ဖွဲ့တွေရဲ့ လေတပ်တို့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီသင်္ဘောဟာ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဆိပ်ကမ်းတွေဆီ ဦးတည်နေတဲ့ သင်္ဘောတွေကို သွားလာခွင့် ပိတ်ပင်မှု ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီးတော့ ဧပြီ ၂၁ ရက်မှာ တခြားဆိပ်ကမ်းတခုကို ဦးတည်သွားနေတယ် ဆိုတဲ့ပုံစံနဲ့ လှည့်ဖျားပြီးတော့ အူမ် အယ်လ်-ရာ့ရှ်ရာ့ရှ် ဆိပ်ကမ်းကို သွားခဲ့တာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
အိန္ဒိယသမုဒ္ဒရာထဲက အစ္စရေးသင်္ဘော MSC ORION ကိုလည်း ဒရုန်းအများအပြားနဲ့အတူ ယီမင်စစ်တပ်ရဲ့ လေတပ်က ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်းလည်း ယာယျာဆာရီးက ပြောပါတယ်။
ဟူသီတပ်ဖွဲ့ဝင်တွေဟာ ဂါဇာစစ်ပွဲမှာ အစ္စရေးကို တိုက်ခိုက်နေတဲ့ ပါလက်စတိုင်းတွေနဲ့ အတူရပ်တည်ကြောင်း ပြတဲ့အနေနဲ့ သင်္ဘောလမ်းကြောင်းတွေကို လနဲ့ချီ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Source/Photo-Reuters