Home
နိုင်ငံတကာ
အစ္စရေးစစ်တပ် လူ့အခွင့်အရေး ချိုးဖောက်ဟု အမေရိကန် ထုတ်ပြန် 
DVB
·
April 30, 2024
US found5 Israeli military units violated human rights before Gaza war; says ICC has no jurisdiction over Palestinian situation

ဂါဇာစစ်ပွဲမတိုင်မီ လှုပ်ရှားမှုတွေမှာ အစ္စရေးစစ်တပ်က တပ်ရင်း ၅ ရင်းဟာ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ အစ္စရေးတပ်တွေနဲ့ပတ်သက်ပြီး အမေရိကန်က ခုလိုမျိုး ပထမဆုံးအကြိမ် သုံးသပ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီတပ်ရင်းတွေအပေါ် အမေရိကန် စစ်ရေးအကူအညီတွေတော့ ပိတ်ပင်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လက်ရှိ ဂါဇာစစ်ပွဲမတိုင်မီက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် သုံးသပ်ထားတာ ဖြစ်ပါတယ်။

အစ္စရေးဟာ အဲဒီတပ်ရင်း ၅ ရင်းထဲက ၄ ရင်းအတွက် ပြုပြင်တည့်မတ်တဲ့၊ ကုစားတဲ့ လုပ်ဆောင်ချက်တွေ လုပ်ခဲ့ပြီး နောက်တရင်းနဲ့ ပတ်သက်လို့တော့ ဆက်လက်ညှိနှိုင်း တိုင်ပင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါကြောင့် အဲဒီတပ်ရင်းတွေအားလုံးကို အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေ ဆက်ရမှာ ဖြစ်ပါတယ်။

ဝါရှင်တန်ဟာ အစ္စရေးရဲ့ အဓိက စစ်ရေးထောက်ပံ့သူဖြစ်ပြီး တနှစ်ကို လက်နက်နဲ့ ကာကွယ်ရေးစနစ် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဖိုးလောက် ထောက်ပံ့နေတာ ဖြစ်ပါတယ်။

ဖြစ်စဉ်တွေအားလုံးဟာ မကြာသေးမီနှစ်တွေထဲမှာ အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ ဂျေရုစလင်မှာ ဖြစ်ပွားခဲ့တာလို့ ယူဆရပါတယ်။

၁၉၉၇ ခုနှစ်တုန်းက အမေရိကန်လွှတ်တော်အမတ် ပက်ထရစ်လီဟီက တင်သွင်းခဲ့တဲ့အတွက် လီဟီဥပဒေလို့ ထင်ရှားတဲ့ ဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံခြားစစ်ဘက်ယူနစ်တခုကို အမေရိကန်က စစ်ရေးအကူအညီ ဖြတ်တောက်နိုင်ပါတယ်။

လီဟီဥပဒေအရ ညှဉ်းပန်းနှိပ်စက်တာ၊ ဥပဒေပ သတ်ဖြတ်တာ၊ အင်အားသုံး ဖျောက်ဖျက်တာ၊ မုဒိမ်းကျင့်တာ စတာတွေဟာ လီဟီဥပဒေကို ချိုးဖောက်တယ်လို့ မှတ်ယူပါတယ်။

အဲဒီလိုချိုးဖောက်မှုတွေ့ရင် အဲဒီဖြစ်စဉ်တွေကို သက်ဆိုင်တဲ့အစိုးရက ကိုင်တွယ်ဖြေရှင်းပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကျေနပ်လက်ခံမှသာ စစ်ရေးအကူညီ ဖြတ်တောက်မှုက ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။

“ကျန်ရှိတဲ့ ယူနစ်တခုနဲ့ပတ်သက်ပြီး အစ္စရေးအစိုးရနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ သူတို့ဘက်ကလည်း အဲဒီယူနစ်နဲ့ပတ်သက်တဲ့ ထပ်တိုးအချက်အလက်တွေ ပေးအပ်ထားပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗီးဒန့် ပတဲလ်က ပြောပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြားက ပဋိပက္ခမှာ တင်းမာမှု မြင့်တက်လာနိုင်တဲ့ အလားအလာအတွက် လက်ဘနွန်နိုင်ငံထဲက အရပ်သားတွေဟာ အကျိုးဆက်ရဲ့ဒုက္ခကို ခံစားရလိမ့်မယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတေဖန် ဆေဂျွန်က ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။

ဆေဂျွန်ဟာ လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီခါတီ၊ နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူလာ ဘူဟာဘီနဲ့ ဗိုလ်ချုပ်ကြီး ဂျိုးဇက် အာဝန် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အစ္စရေးအရာရှိတွေနဲ့လည်း တွေ့ဆုံပြီး ဒီသတင်းစကားကိုပဲ ပြောမယ်လို့ သူကပြောပါတယ်။

ဆေဂျွန်ရဲ့ လက်ဘနွန်ခရီးစဉ်ဟာ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ကြား တင်းမာမှုတွေ ဖြေလျှော့ဖို့နဲ့ စစ်ဖြစ်နေတာကို တားဆီးဖို့ ရည်ရွယ်ထားပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ မကြာသေးမီလတွေအတွင်း အပြန်အလှန် တိုက်ခိုက်ခဲ့တာပါ။

ဆီးရီးယားမြို့တော် ဒမတ်စကတ်က အီရန်သံရုံးဝင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အီရန်အရာရှိ အတော်များများ သေဆုံးခဲ့ရတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးတည်းက တဖက်နဲ့တဖက် အပြန်အလှန် ပစ်ခတ်တာတွေ အကြိမ်ရေ ပိုတိုးလာခဲ့ပါတယ်။

လက်ဘနွန်တောင်ပိုင်းက နာကိုယာမှာရှိတဲ့ ကုလငြိမ်းချမ်းရေးတပ် UNIFIL ရဲ့ အခြေစိုက်စခန်းဆီကို ဆေဂျွန်ရဲ့ခရီးစဉ် မတိုင်ခင် နာရီပိုင်းအတွင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး ထိမှန်ခဲ့တယ်လို့ စစ်တပ်အရာရှိတွေက ပြောပါတယ်။

ဆေဂျွန်ဟာ ဆော်ဒီအာရေဗျနိုင်ငံ ရိယာ့ဒ်မြို့မှာ အာရပ်နဲ့ အနောက်နိုင်ငံတွေနဲ့ လက်ဘနွန်အရေးကို ဧပြီ ၂၉ ရက်မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013