Home
မြန်မာသတင်း
ဆီဆိုင်တွင် ထိုင်းသွားမည့်လူငယ်များကို စစ်တပ်ထဲရောင်းစား၊ လွိုင်ကော်စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခံနေရ
DVB
·
April 30, 2024
lwie 3042024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ လူငယ်တွေကို ထိုင်းပို့ပေးမယ်ဆိုပြီး ပွဲစားတွေက လိမ်လည်ခေါ်ကာ စစ်ကောင်စီတပ်ထဲကို ပို့ဆောင်ရောင်းစားခံရသူတချို့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က တပ်သားသစ်စုဆောင်းတာအပြင် PNA ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကလည်း ကျေးရွာတွင်း တပ်သားသစ်ခေါ်ယူနေတာကြောင့် နယ်ခံလူငယ်တွေဟာ ရရာနည်းလမ်းနဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့ အောင်သပြေရပ်ကွက်နေ အမျိုးသားတဦးက “ထိုင်းမှာ သူဌေးက တိုက်ရိုက်ခေါ်တယ်၊ လမ်းစရိတ်လည်း မကုန်ဘူးဆိုပြီး သွားကြတာ၊ သွားပြီတော့ ဗမာ စစ်တပ်ထဲရောက်တာတဲ့။ နောက်မှ သူ့မိသားစုကို ဖုန်းဆက်အကြောင်း ပြန်လာတာ။ အရောင်းစားခံရတယ်ပြောတယ်။ ဒါတောင် ပွဲစားက သူတို့အမျိုးထဲပဲ။ ခုက စားဝတ်နေရေးအတွက် ရှာစားရတာ ခက်ခဲတော့ ကိုယ့်အမျိုးအချင်းချင်း ပြန်ရောင်းစားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဆီဆိုင်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားပြီး ၃လအတွင်း နေအိမ်ပြန်ကြည့်ရင်း၊ ပစ္စည်း ပြန်သယ်တဲ့ ဒေသခံလူငယ် ၆၀ ကျော်လည်း ပျောက်ဆုံးနေပြီး တချို့က စစ်တပ်ထဲ ၁၀ သိန်းနဲ့ ရောင်းစားခံကြရတယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့ခံ နောက်တဦးက “ဗမာစစ်တပ်က လူဝယ်နေတယ်ပေါ့နော်။ လူတယောက် သူတို့ဆီ လာပို့နိုင်ရင် ၁၀ သိန်းရတယ်။ ပျောက်တဲ့လူတွေက အဲလိုပဲ ရောင်းစားခံရတာများတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တောဘက် ရှောင်နေတဲ့ စစ်ရှောင်တွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုတာ၊ လမ်းပြလုပ်ခိုင်းတာ၊ ပစ္စည်းများသယ်ခိုင်းတာ၊ သူတို့ ဝေယျာဝစ္စတွေကို လုပ်ခိုင်းတာ၊ စစ်မြေပြင်အထိ ခေါ်ဆောင်သွားတာ တွေလည်း ပြုလုပ်လျက်ရှိကြတယ်လို့ သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ကနေ စစ်ဘေးရှောင်နေကြရတဲ့ဒေသခံတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံနေရပြီး တန်ဖိုးကြီးပစ္စည်းတွေကို စျေးပေါပေါနဲ့ ရောင်းချခံနေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

လွိုင်ကော်မြို့ခံတဉီးက “ညီမတို့အိမ်တွေက ညီမတို့စပြေးပြီး နောက်ရက်ကတည်းက တံခါးတွေပွင့်နေပြီ၊ ဒါပေမဲ့ အသိနဲ့ ပြန်ပိတ်ခိုင်းတော့ ဘာတွေပါသွားလဲမသိပါဘူး။ လမ်းကြောင်းအ၀င်အထွက်တွေ ၀င်လို့ရတော့ အဒေါ်တို့ပစ္စည်းတချို့ ပြန်ယူကြတာပေါ့။ ဈေးမှာဆို ပုဂံတွေ အ၀တ်အစားတွေဆို ခိုးလာတော့ သူခိုးဈေးနဲ့ ရောင်းကြတာပေါ့။ အိမ်အသုံးအဆောင် ပစ္စည်းတွေဆိုလည်း အဲဒီလိုပဲ TV တို့ ဘာတို့ ဆိုလည်း ၂၀,၀၀၀၊ ၃၀,၀၀၀ တန်က အစရှိတယ်တဲ့။ အဒေါ်တို့လည်း ၂  ရက်လောက်ပဲနေ ပြီးပြန်ထွက်လာတော့ အဲဒီတွေတော့ သိရတယ်။ မီးမခိုးတဲ့ အိမ်တွေတော့ လူခိုးလို့ ကုန်ပြီပေါ့။ အဖွဲ့နဲ့ ခိုးတယ်လို့​တော့ပြောတယ်။ ခိုးနေတာ မြင်နေရင်တောင် ပြောလို့ မရဘူးတဲ့။ တုတ်တွေ၊ ဓားတွေပါတယ်၊ ခြိမ်းခြောက်တာလည်း ရှိတယ်။ ညီမတော့ လွိုင်ကော်ထဲ ခုထိ မ၀င်ရသေးပါဘူး။ ဒါပေမဲ့ အဒေါ်တို့ ပစ္စည်းပြန်သယ်တော့ ဈေးမှာ ပေါပေါလောလောတွေ ရောင်းနေတာတွေ အများကြီးပဲ” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် နို၀င်ဘာ ၁၁ ရက်နေ့ (၁၁၁၁ စစ်ဆင်ရေး) ကတည်းက လွိုင်ကော်မြို့ခံတွေဟာ စတင်စစ်ဘေးတိမ်းရှောင်ကြရတာပါ။

လွိုင်ကော်မြို့မှာ စစ်ဆင်ရေးတာ၀န်ထမ်းဆောင်နေတဲ့ တော်လှန်ရေးရဲဘော်တဦးက “လွိုင်ကော်ထဲကို ဝင်လို့ရတာ တော်လှန်ရေး အင်အားစုပဲရှိတယ်၊ ခိုးတဲ့ထဲမှာလည်း တော်လှန်ရေး အင်အားစု တချို့တော့ပါတယ်၊ အိမ်ဖောက်တယ် မီးကြိုးတွေခိုးတယ်။ လွိုင်ကော်က ခိုးလာတဲ့ ပစ္စည်းတွေကို ဒီဘက်မှာရောင်းချနေတာတွေရှိတယ်။ ကျနော်က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်လို့ပါ။ အဖွဲ့အစည်းအနေနဲ့ဆိုရင်တော့ KNDF ကစ အဖွဲ့ငယ်ထိပါပဲ။ နောက်ပိုင်းတော့ KSP က သေခြာစောင့်ကြည့်ကြပ်မတ်နေတယ်လို့တော့ ကြားတယ်။ တချို့ပြန်၀င်လို့ရတဲ့ ဒေသခံ တွေကလည်း လူမရှိသေးတဲ့အိမ်က ပစ္စည်းတွေခိုးနေတာလဲရှိတယ်”  လို့ ပြောပါတယ်။

ပစ္စည်းခိုးယူရောင်းချမှုတွေနဲ့ ပတ်သက်ပြီး ကုန်သည်တွေကို ဆက်သွယ်အတည်ပြုဖို့ ကြိုးစားနေပေမဲ့ စစ်ရေးအခြေအနေ​၊ ဖုန်း/အင်တာနက်လိုင်းအခြေအနေတွေကြောင့် ဆက်သွယ် မေးမြန်းလို့ မရသေးပါဘူး။

အခုလို ပစ္စည်းတွေ ခိုးယူခံရတာကြောင့် တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေး ကာလကျရင် ကျောထောက်နောက်ခံမရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ နေထိုင်ရပ်တည်ရေးဆိုင်ရာ အခက်အခဲတွေရှိမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၁၁၁ စစ်ဆင်ရေးစတင်ပြီး ၅ လကျော်ကြာလာတဲ့အချိန်အထိ လွိုင်ကော်မြို့ကို တော်လှန်ရေး တပ်တွေအနေနဲ့ ၆၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တပ်တည် နေရာတွေကို ပိတ်ဆို့ထားကာ အပြီးသတ်သိမ်းယူဖို့ ကြိုးစားနေတာ ရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013