Home
မြန်မာသတင်း
ထိုင်းကို လေကြောင်းဖြင့်သွားမည့် မြန်မာ MOU လုပ်သားများ အခွန်ဆောင်ရန်  စစ်ကောင်စီ ဝန်ကြီး ဖိအားပေး
DVB
·
April 30, 2024
MOU MyanmarWorkers_30042024

ထိုင်းနိုင်ငံကို လေကြောင်းနဲ့ စတင်သွားရောက်မယ့် MOU မြန်မာလုပ်သားတွေကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးက သွားရောက်တွေ့ဆုံပြီး မိသားစုထံ လွှဲပို့ငွေကို တရားဝင်ပို့ဖို့နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ဖို့ မှာကြားတယ်လို့ အဲဒီဝန်ကြီးဌာနရဲ့  ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံကို  MOU စနစ်နဲ့ သွားရောက် အလုပ်လုပ်ကြမယ့် အလုပ်သမားတွေကို ဧပြီ ၂၉ ရက်က ရန်ကုန်လေဆိပ်ကနေ ပထမဆုံးလေကြောင်းလိုင်းနဲ့ ပို့ဆောင်မှု စတင်တာဖြစ်ပြီး အဲဒီအလုပ်သမားတွေကို  စစ်ကောင်စီဝန်ကြီးဦးမြင့်နောင်က တွေ့ဆုံမှာကြားခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမား​တွေအ​နေနဲ့ မြန်မာနိုင်ငံရှိ မိသားစုဝင်တွေဆီ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနဲ့ အခွန် ၂ ရာခိုင်နှုန်းကို  လစဉ်လွှဲပြောင်းရေး ကြိုးစားဆောင်ရွက်ဖို့၊  တရားဝင်လွှဲပို့ရာမှာ ပြင်ပငွေလဲလှယ်နှုန်းနဲ့ ကွာခြားမှုမရှိစေရေး၊ ဘဏ်​တွေဆီသွားရောက်ဖို့ ရန်မလိုအပ်ဘဲ လုပ်ငန်းခွင်မပျက် အလွယ်တကူလွှဲပို့နိုင်ရေး Remittance Management System (RMS) App ရေးဆွဲ ဆောင်ရွက်ပေးနေတယ်လို့  ကြားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးအနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေ ဆီက နိုင်ငံခြားငွေရရှိဖို့ အရင်ကလည်း အစဥ်တစိုက်ပြောဆို တွန်းအားပေးနေတာဖြစ်ပြီး အခုလည်း ပြည်ပထွက်ခွာမယ့် အလုပ်သမားတွေကို ထပ်မံမှာကြားတာဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တဦးက"လွှဲပို့ငွေကိစ္စက အေဂျင်စီတွေကိုလည်းအတင်းဖိအားပေးထားတာရှိတယ် ။ အလုပ်သမားနဲ့သီးခြားစာချုပ်ချုပ်ခိုင်းဖို့လည်း ဌာနက ကြိုးစားနေတယ်"လို့ ပြောပါတယ်။

ထိုင်းကိုအရင်က မြဝတီနယ်စပ်ကတဆင့်အဓိက ပို့ဆောင်ပေးနေတာဖြစ်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ နယ်မြေမတည်ငြိမ်မှုနဲ့ တိုက်ပွဲတွေကြောင့် လေကြောင်းလိုင်းကနေ ပြောင်းလဲပို့ဆောင်တာလို့  အေဂျင်စီတွေဆီက သိရပါတယ်။

မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ  ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ်ကို မြန်မာ MOU အလုပ်သမား အမျိုးသား ၁၉၇ ဦး၊  အမျိုးသမီး ၆၅ ဦး၊ စုစုပေါင်း ၂၆၂ ဦး စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013