Home
မြန်မာသတင်း
မိုးညှင်းနှင့်ရေစကြို၌ စစ်တပ်က မြေသယ်ကား ၇ စီးကို မီးရှို့ပြီး ဆိုင်ကယ်များ ဖမ်းဆီးငွေညှစ်
DVB
·
April 30, 2024
tiper 304204

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က မြေသယ်ကား ၇ စီးကို ဖမ်းဆီးစစ်ဆေးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံ က ဝင်လာတဲ့ ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကို ဧပြီ ၂၈ ရက် မနက်က ပွင့်ဖြူ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းမှာ ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “တရုတ်ပြည်ကနေ ဖားကန့်သွားမယ့် မြေသယ်ကား အကြီးကြီးတွေကို ဖမ်းတာ။ အားလုံးပေါင်း ၇ စီး။ စစ်ဆေးရေးဂိတ်နဲ့ ငြှိတာ အဆင်မပြေလို့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့က မနက် ၁၀ နာရီလောက်မှာပဲ ကားကြီးတွေကို မီးရှို့ပစ်လိုက်တယ်” လို့ ပြောပါတယ်။

ပွင့်ဖြူစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းစဉ် အဖမ်းခံခဲ့ရတဲ့ မြေသယ်ကားတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ ပေးဆောင်ဖို့ ညှိနိူင်းခဲ့ပေမဲ့ မပေးဆောင်တဲ့အတွက် ဟိုပင် ခလရ ၄၀၊ မိုးညှင်း ခလရ ၁၅ နဲ့ ဟိုပင်ဒအခြေစိုက် ပြည်သူ့စစ်တပ်တွေ ပူးပေါင်းပြီး မီးရှို့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့မှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေဖမ်းပြီး အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ရေစကြိုမြို့ခံတဦးက “အခုရက်ပိုင်း မြို့ပေါ်က လူစည်တဲ့နေရာတွေမှာ စစ် ‌ေ-တွေက လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဆိုင်ကယ်တွေဖမ်းပြီး အကြောင်းအမျိုးမျိုးနဲ့ ငွေညှစ်တောင်းယူ ခွင်ရှာနေကြလို့ ပြည်သူတွေ သိပ်ပြီး အပြင်အထွက်ရဲကြဘူး” လို့ ပြောပါတယ်။

လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးကာ ဆိုင်ကယ်စီးဦးထုပ်မပါရင် ၅၀,၀၀၀၊ လိုင်စင်မပါရင် ၅၀,၀၀၀၊ ဘက်မှန်မပါရင် ၃၀,၀၀၀ ကျပ် တောင်းယူနေပြီး ငွေးပေးမှ ဆိုင်ကယ်ပြန်ရတယ်လို့လည်း ဆိုပါတယ်။

ရေစကြိုမြို့ခံကုန်သည်တဦးက “အခုလို ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ စစ်သားတွေက ပြည်သူကို ဒုက္ခမျိုးစုံပေးနေတာ မဖြစ်သင့်တော့ဘူး။ မြို့ပေါ်မှာလည်း အသွားအလာမရှိသလောက်ဖြစ်ပြီး ခြောက်ကပ်နေလို့ အရောင်းအ၀ယ်မရှိသလောက်ဘဲ။ အရောင်းအဝယ်သမားတွေလည်း အဆင်မပြေကြတော့ဘူး” လို့ ပြောပါတယ်။

ရေစကြိုမြို့ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့မြို့ဖြစ်ပေမဲ့ စစ်တပ်က မကြာခဏဆိုသလို ပြည်သူတွေကို ဖမ်းဆီးသွားပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013