Home
မြန်မာသတင်း
မင်းပြားနှင့်ဘီးလင်းတွင် စစ်တပ်ဗုံးကြဲသဖြင့် နေအိမ်များ ပျက်စီးဆုံးရှုံးပြီး ပြည်သူအချို့ဒဏ်ရာရ
DVB
·
April 30, 2024
bomb 3042024
bomb 4 3042024
bomb 3 3042024
bomb 2 3042024
bomb 1 3042024

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကို စစ်ကောင်စီက ဧပြီ ၂၉ ရက် ညနေနဲ့ ၃၀ ရက် မနက်ပိုင်းတွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ် ရပ်ကွက် ၂ ခုမှ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီးတော့ ပြည်သူ ၁၀ ယောက်ကျော် ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောကြားလိုက်ပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်တာကြောင်ေ မင်းပြားမြို့ပေါ်ရပ်ကွက်က ကံ့ကော်မြိုင်ရပ်ကွက်နဲ့ သပြေညိုရပ်ကွက်နဲ့ မင်းပြားမြို့အနီးမှာရှိတဲ့ အိမ်ရှေ့မင်းကျေးရွာက နေအိမ်တွေ ပျက်စီးခဲ့ပြီး ပြည်သူတွေပါ ဒဏ်ရာရရှိသွားတယ်လို့  ဒေသခံတဦးက ပြောပါတယ်။

“ထမင်းစားတဲ့အချိန်လောက်မှာ လေယာဥ်နဲ့ ဗုံးလာကြဲသွားတာ။  ထမင်းစားနေတာကတောင် ထပြီးတော့ ဗုံးခိုကျင်းထဲ ထပြေးရတယ်။ မြို့ထဲက ရဲစခန်းနဲ့ ထွေအုပ်ရုံးတဝိုက်မှာရှိတဲ့ နေအိမ်တွေက မီးလောင်သွားတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ မီးလောင်နေတာကိုတော့ ဝိုင်းပြီးတော့ သတ်လိုက်ကြတယ်။”

ဒါ့အပြင် စစ်ကောင်စီဟာ ပေါက်တော-မင်းပြား ကားလမ်းမှာရှိတဲ့ အိမ်ရှေ့မင်းကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအများစု ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

"လေကြောင်းနဲ့ လာပြီးတော့ ခဏခဏဗုံးလာကြဲတယ်။ ဗုံးလာကြဲလို့  ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေလည်းပါတယ်။ လေယာဥ်လာရင်ဗုံးခိုကျင်းထဲကို ဝင်ပြေးလိုက်၊ အပြင်တွေ သွားရင်လည်း မှိုင်းထောင်ထားတာတွေနဲ့ဆိုတော့ ဘယ်နေရာမှ လုံခြုံမှုမရှိဘူး” လို့ မင်းပြား ဒေသခံ တဦးက ပြောပါတယ်။ 

မင်းပြားမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၇၉ နဲ့ ခမရ ၅၄၁၊ တိုင်းဗဟို ၉ အပါအဝင် စစ်ကောင်စီတပ်ရင်းအားလုံးကို AA က  သိမ်းပိုက်ထားပါတယ်။

ဧပြီ ၁၄ ရက်ကလည်း စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် မင်းပြားမြို့မစျေး ဆိုင်ခန်း ၃၀၀ နီးပါး ပျက်စီးခဲ့ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပိုလုပ်လာပြီးတော့ အပြစ်မဲ့အရပ်သား သေဆုံးမှု၊ ဒဏ်ရာရရှိမှုနှုန်းဟာ ပိုတိုးလာပါတယ်။

AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး HDCO ရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်တိုက်ပွဲတာကာလအတွင်း၊ မတ် ၂၁ ရက်အထိ သေဆုံးသူအရေအတွက်ဟာ ၁၇၉ ဦးအထိရှိပြီးတော့ ထိခိုက်ဒဏ်ရာရသူ ၄၆၈ ဦး အထိ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ပြည်သူတွေအပေါ်မှာ စစ်ရေးပစ်မှတ် အဖြစ်နဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ အထူးသတိပြုသွားလာကြဖို့နဲ့  စစ်ရာဇဝတ်မှု ကျူးလွန်နေသူတွေအပေါ် အပြစ်ပေးအရေးယူသွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာလည်း ဧပြီ ၂၈ ရက်က တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၃ ကျောင်း အပါအဝင် အဆောက်အအုံ ၂၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  သထုံခရိုင်ထံက သိရပါတယ်။

ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာကို ဧပြီ ၂၈ ရက်နေ့ ည ၁၁ နာရီခွဲမှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့ရာ ရွာအတွင်းတလုံးနဲ့ ရွာဘေးတလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၃ ကျောင်း၊ ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်နဲ့ နေအိမ် ၂၁ လုံးလည်း ဗုံးထိမှန်ပြီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

သထုံခရိုင်အတွင်းရေးမှူးပဒိုစောအေးနိုင်က “KNU သထုံခရိုင်ထဲမှာရှိတဲ့ တဂေးလောင်းရွာကို တိုက်ပွဲလည်းမရှိဘဲ ညသန်းခေါင်ယံကြီးမှာ ရည်ရွယ်ချက်ရှိရှိကို ဗုံးကြဲသွားတာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး။ ရွာထဲမှာရှိတဲ့ ကျောင်း ၃ ကျောင်းထိခိုက်ပျက်စီးခဲ့ပါတယ်။  နောက်ပြီး နေအိမ် ၂၁ လုံးနဲ့ ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင် ထိခိုက်ပျက်စီးခဲ့ပါတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ KNU ပိုင်ကျေးရွာတွေကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံကရင်အမျိုးသမီးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာလည်း တိုက်ပွဲမဖြစ်ဘဲ ဘားအံမြို့နယ်မှာရှိတဲ့ကျေးရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ ဦးဒဏ်ရာ‌ရပြီး ဘုန်းကြီးကျောင်းအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013