Home
မြန်မာသတင်း
NUG နှင့် တိုင်းရင်းသားအင်အားစုများ နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်စိုးမိုးနိုင်
DVB
·
April 30, 2024
537169-0-4-730x365

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအနေနဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သလို မြန်မာနိုင်ငံရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်စိုးမိုးထားနိုင်ပြီလို့  NUG က ကြေညာပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အထိမ်းအမှတ် ဧပြီ ၃၀ ရက်က အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားခဲ့တာပါ။

“အဓိကအားဖြင့် နယ်မြေတွေကို ပြောရရင် စိုးမိုးနယ်မြေရယ်၊ ထိန်းချုပ်နယ်မြေရယ်၊ လွတ်မြောက်နယ်မြေရယ်ဆိုပြီး အခု ၃ မျိုးလုံးကို ခြုံငုံပြီးတော့ ၆၀ ရာခိုင်နှုန်းကျော်တယ်ဆိုပြီး ပြောတာဖြစ်ပါတယ်။ ပြီးတော့ ကြေညာချက်ထဲမှာ NUG တခုတည်းမဟုတ်ပါဘူး NUG နဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့ စိုးမိုးနယ်မြေတွေဆို သုံးထားတာဖြစ်ပါတယ်။ စိုးမိုးထားတယ် ဆိုတာက တချို့သော လမ်းပိုင်းတွေလည်း ပါသလို တချို့သောကျေးရွာတွေ စိုးမိုးထားနိုင်တဲ့ အနေအထားရှိတယ်။ ပြီးရင် ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အနေအထားတခုမှ စစ်ကောင်စီတပ်တွေ ဘယ်လိုမှ ဝင်လာလို့မရဘဲ ကျနော်တို့က ထိန်းချုပ်ပြီး အခြေခံ အုပ်ချုပ်ရေးတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ တချို့ကို လုပ်ကိုင်ဆောင်ရွက်နေတာကို ဆိုလိုတာဖြစ်တယ်။ လွတ်မြောက်နယ်‌မြေဆိုတာကတော့ ဘယ်လိုမှ အကြမ်းဖက် စစ်အုပ်စုအနေနဲ့ လေကြောင်းကလွဲလို့ ကုန်းကြောင်းကနေ ဘယ်လိုမှ ဝင်လို့မရတဲ့ တော်လှန်ရေး အင်အားစုတွေဘက်က အလုံးစုံ အစစအရာရာ စီမံခန့်ခွဲနေတာကို လွတ်မြောက်နယ်မြေလို့ ခေါ်ပါတယ်။ အဲဒီ ၃ ခုကို ပေါင်းပြီးတော့ တနိုင်ငံလုံးအနေနဲ့ ၆၀ ရာခိုင်နှုန်းကျော်လို့ ဆွေးနွေးတာဖြစ်ပါတယ်။”

NUG အနေနဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ပြည်တွင်းအင်အားစုတွေအပြင် အာဆီယံနိုင်ငံတွေနဲ့လည်း ထိတွေ့ဆက်ဆံ ဆွေးနွေးတိုင်ပင်တာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ဖို့နဲ့ တော်လှန်ရေးကို အပြီးသတ်တိုက်ပွဲဝင်ဖို့အတွက် ပြည်တွင်းက တော်လှန်ရေး အင်အားစုတွေအားလုံးနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ NUG အနေနဲ့က ဒီအဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံ ဆောင်ရွက်တယ်။ ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီချာတာအတိုင်း ဆက်လက်လုပ်ကိုင်နေတယ်။ ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းက အတူတူပဲ။ ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူ ထောင်တဲ့အခါမှာ ဘယ်လိုတည်ဆောက်မလဲဆိုတာကို တော်လှန်ရေးဆင်နွှဲနေရင်းနဲ့ လုပ်ကိုင်နေတဲ့ လမ်းကြောင်းတခု ဖြစ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရကို ၂၀၂၁ ဧပြီ ၁၆ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခု ၂၀၂၄  ခုနှစ် ဧပြီ ၁၆ ရက်မှာ ၃ နှစ်ပြည့်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း NUG အစိုးရ ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၄၂ မြို့နယ်ကနေ  အခွန်ကောက်ခံရရှိမှုက ကျပ်သန်းပေါင်း ၈၉,၈၈၄ သန်း (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၈သန်း) ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013