မြန်မာနိုင်ငံဘက်မှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာပါက ထိုင်းနိုင်ငံသားတွေကို ကယ် ထုတ်ဖို့အတွက် ကပ္ပလီပင်လယ်ပြင်မှာ ထိုင်းရေတပ်သင်္ဘော ၄ စင်း အသင့်ရှိနေတယ်လို့ ထိုင်းရေတပ် စစ်ဦးစီးချုပ်က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတော်ဝင်ရေတပ် စစ်ဦးစီးချုပ် အဒွန်းဖန်းအိမ်က ကပ္ပလီ ပင်လယ်ပြင်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ အမှတ် ၃ တပ်ရင်းမှူးကို ခုလိုအသင့်ထားရှိဖို့ အမိန့်ပေးထား တာဖြစ်ပြီး မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုပြင်းထန်လာရင် အသက်အန္တရာယ် ကျရောက်နိုင်တဲ့ ထိုင်းနိုင်ငံသားတွေကို အဆိုပါ သင်္ဘော ၄ စင်းနဲ့ ကယ်ထုတ်သွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်နဲ့ နယ်စပ် တနင်္သာရီတိုင်းဘက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြန်မာစစ်ကောင်စီ တပ်သားအယောက် ၂၀ လောက်ရှိတဲ့ အစိုးရစစ်အခြေစိုက် စခန်းတခုကို တော်လှန်ရေးတပ်ဖွဲ့ဝင် အယောက် ၁၂၀ လောက်က သိမ်းယူ မီးရှို့ခဲ့ကြောင်းနဲ့ မီးခိုးတွေနဲ့ မီးတောက်တွေကို ထိုင်းနိုင်ငံဘက်ခြမ်းက မြင်တွေ့နိုင်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တဦးရဲ့ အဆိုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲဟာ ထိုင်းနိုင်ငံ၊ ဆွိုင်ယောက်ခရိုင်နဲ့ ၁၀ ကီလိုမီတာလောက် အကွာအဝေးမှာရှိတဲ့ ထားဝယ်ဒေသမှာ ဖြစ်ပွားခဲ့တာလို့ သတင်းရင်းမြစ်က ပြောပြီး ထိခိုက်သေဆုံးမှုတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နဲ့ကပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်းက ကရင်ပြည်နယ် မြဝတီမြို့ကြားမှာတော့ နယ်စပ်တိုက်ပွဲတွေ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။
Source: BangkokPost