Home
နိုင်ငံတကာ
ရုရှား ကျူးကျော်မှုကို တိုက်ခိုက်ရန် အသက် ၆၀ ကျော် ယူကရိန်းနိုင်ငံသား ဒါဇင်ချီ စစ်မှုထမ်း
DVB
·
April 30, 2024
UkrainanFight_30042024

ယူကရိန်းနိုင်ငံသား စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဖြစ်တဲ့ မြက်ခင်းလွင်ပြင်မြေခွေးတပ်ဖွဲ့မှာ အလွန်အသက်ကြီးပြီလို့ ယူဆရပေမယ့် တိုက်ပွဲဝင်ချင်သေးတဲ့ အသက် ၆၀ ကျော်ရှိတဲ့ ယူကရိန်းနိုင်ငံသား ဒါဇင်ချီ ပါဝင်နေပါတယ်။

စစ်တပ်ကနေ တရားဝင် ပံ့ပိုးကူညီမှု မရှိပေမဲ့ သူတို့ဟာ ကုန်ကားတွေမှာ တပ်ဆင်ထားတဲ့ ဒုံးပစ်လောင်ချာတွေနဲ့ ရှေ့တန်း နောက်တန်း လှည့်ပတ်ရင်း နယ်မြေခံတပ်မှူးတွေဆီက အမိန့်စာတွေကိုယူပြီး စစ်ပွဲအတွက် ပံ့ပိုးကူညီရင်း တခြားတပ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။

ဒီတပ်ဖွဲ့ဟာ အလှူငွေတွေနဲ့ စုဆောင်းရပ်တည်ထားပြီး သူတို့ကိုယ်တိုင် ပြုပြင်မွမ်းမံထားတဲ့ လက်နက်တွေအပြင် ရန်သူဆီကသိမ်းမိတဲ့ လက်နက်တွေကိုပါ သိုလှောင်ထားပါတယ်။

မကြာသေးမီက ရိုက်တာသတင်းဌာနက သတင်းထောက်အဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အရှေ့တောင်ဘက် ဇာပိုရစ်ချ်ဇီယာ ဒေသထဲက သူတို့ရဲ့ အခြေစိုက်စခန်းဆီ သွားရောက်ခဲ့တာပါ။

သူတို့ဟာ ၁၂၂ မမ ဂရဒ်ဒုံးကျည်တွေကို ပြင်ဆင်နေပါတယ်။ “အဘိုး” ဆိုတဲ့ နာမည်ဝှက်နဲ့ လှုပ်ရှားနေတဲ့ တပ်မှူး တာရန်က သူ့တပ်ဖွဲ့ဟာ ခဲယမ်းမီးကျောက်နဲ့ လစာတွေ တိုက်ရိုက်ရဖို့ ယူကရိန်းစစ်တပ်ထဲကို တရားဝင်ပူးပေါင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။

ရုရှားရဲ့ အပြည့်အဝကျူးကျော်စစ် ၂ နှစ်ကျော် ကြာလာချိန်မှာ ယူကရိန်းရဲ့ စည်းရုံးလှုံ့ဆော်ရေး ကြိုးပမ်းချက်တွေဟာ စိတ်အားထက်သန်မှုတွေကြားမှာ ရုန်းကန်နေရပါတယ်။

တာရန်ဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားကနေတဆင့် ယူကရိန်းကို စစ်ပွဲစတင်ကတည်းက တိုက်ပွဲဝင်ခဲ့တဲ့သူပါ။

အကျပ်ကိုင်ခြင်းဟာ အလားအလာရှိတဲ့ လူသစ်စုဆောင်းမှုအတွင်း စစ်မှန်တဲ့ စိတ်အားထက်သန်မှုကို အစားထိုးဖို့ မဖြစ်နိုင်ဘူးလို့ တာရန်က ပြောခဲ့ပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ဘက်ဆီ ချီတက်လာနေပြီး ယူကရိန်းရဲ့ လူအင်အား မလုံလောက်မှုကို ဖြေရှင်းဖို့လိုတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ထင်ရှားတဲ့ ယူကရိန်းနဲ့ ပြည်ပထောက်ခံသူတချို့က စစ်ပွဲအတွက် စစ်သားစုဆောင်းနိုင်တဲ့ အသက်အပိုင်းအခြားကို သိသိသာသာလျှော့ချဖို့ ယူကရိန်းသမ္မတ ဇလန်းစကီးကို တိုက်တွန်းခဲ့ပါတယ်။

အခုလအစောပိုင်းမှာ ဇလန်းစကီးက တပ်ဖွဲ့ဝင်တွေ ထပ်ခေါ်ဖို့နဲ့ စစ်ပြေးအတွက် ပြစ်ဒဏ်တင်းကျပ်ဖို့ စစ်တပ်ကိုခွင့်ပြုရေး ဆောင်ရွက်ချက်အသစ်တွေကို အတည်ပြုခဲ့ပါတယ်။

Source/Photo-REUTERS/Stringer

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013