Home
မြန်မာသတင်း
စစ်ဌာနချုပ်ဆီပို့မည့် ငွေကျပ် သိန်း ၅၀၀ ကျော်ကို ကော့သောင်း ပကဖ သိမ်းဆည်း
DVB
·
April 28, 2024
KawtThuang Pakapha_28042024

စစ်ကောင်စီကွပ်ကဲမှုဌာနချုပ်ဆီ ပို့ဆောင်မယ့် ငွေကျပ်သိန်း ၅၀၀ ကျော်ကို စစ်ဆေးသိမ်းဆည်း လိုက်ပြီးနောက် NUG ရဲ့ ညွှန်ကြားမှုအရ လုပ်ကိုင်သွားမယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ဧပြီ ၂၆ ရက် မနက် ၉ နာရီခွဲအချိန်က ခမောက်ကြီးမြို့၊ ရှမ်းကိုးရွာဒေသက အောင်ချမ်းသာရွာနဲ့ ဆိပ်ဖူးရွာကြားမှာ ကော့သောင်းမြို့နယ်ပကဖအဖွဲ့က စစ်ဆင်ရေးလှုပ်ရှားနေတုန်း နာရေးကူညီမှုကားတစီးကို မသင်္ကာလို့ လှမ်းတားပြီးနောက် စစ်ဆေးခဲ့ရာမှာ ကားပေါ်မှာပါလာတဲ့ ငွေကျပ် သိန်း ၅၀၀ ကျော်ကို တွေ့ရှိခဲ့တာပါ။

အဲဒီကားဟာ အေးချမ်းသာရွာက ထွက်လာတာဖြစ်ပြီး ငွေတွေကို စစ်ကောင်စီရဲ့ အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဆီကို ပို့ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကော့သောင်းမြို့နယ်ပကဖအဖွဲ့ တာဝန်ရှိသူတဦးက “တပ်ဖွဲ့ဘက်က ကင်းပုန်းဝပ်တာတို့၊ နယ်မြေရှင်းလင်းရေးတို့ လုပ်နေတာပါ။ အဲဒီအချိန် ကင်းပုန်းစောင့်နေရင်းနဲ့ ဒီကားက လာတဲ့အချိန်မှာ မသင်္ကာလို့ တားစစ်လိုက်တယ်။ ဘာဖြစ်လို့ မသင်္ကာလဲဆိုရင် အခုနောက်ပိုင်း စကစတွေလှုပ်ရှားပုံက နာရေးကူညီမှုကားတို့၊ ဘုန်းကြီးကားတို့၊ ပရဟိတကားတို့ ဒါမျိုးကားတွေပဲ သုံးပြီးတော့ စကစတွေက သွားလာလှုပ်ရှားနေတဲ့ အနေအထားတခုကြောင့်ပါ။ စစ်တဲ့အခါမှာ အရပ်သားတွေ ဖြစ်နေတယ်။ ကားပေါ်မှာ စစ်လိုက်တော့ ငွေအမြောက်အမြား ပါလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ကားပေါ်မှာပါလာတဲ့လူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ အဲဒီငွေတွေဟာ မြစိမ်းရောင်စီမံကိန်းက ကောက်ခံရရှိထားတဲ့ ချေးငွေတွေဖြစ်တယ်လို့ သိရပြီး ပြည်သူတွေကို ထပ်မချေးတော့ဘဲ ခမောက်ကြီးမြို့က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဆီ ပေးပို့ရတာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။

ပကဖ တာဝန်ရှိသူက “အရင်လုပ်ထုံးလုပ်နည်းအရဆို  ဒေသခံတွေကို ချေးပေးတယ်။ အချိန်ကျလို့ရှိရင် အတိုးပြန်ဆပ်ခိုင်းမယ်။ နောက်ထပ် ချေးမယ့်သူတွေဆိုရင် ဒေသခံတွေကို စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်ပြီးတော့ ချေးမယ်။ ရလာတဲ့ အမြတ်အစွန်းကျတော့ သက်ဆိုင်ရာဌာန၊ စိုက်ပျိုးမွေးမြူရေးဌာန အစရှိသဖြင့်ပေါ့။ သူတို့သက်ဆိုင်ရာဌာနကို အများဆုံး အပ်ရတာပေါ့။ အခုက သမားရိုးကျလုပ်နည်းမဟုတ်ဘဲ ချေးငွေလုပ်ငန်းက ချေးငွေတွေကို အတိုးရော အရင်းရော ပြည်သူဆီကနေ ကောက်လိုက်တယ်။ ပြီးတော့ နောက်ထပ် ချေးပေးတာ မရှိတဲ့အပြင် စကစက နေပြီးတော့ အပိုင်သိမ်းယူတယ်ပေါ့။ သိမ်းယူပြီး သူတို့ဆီကို လာအပ်ရမယ်ဆိုပြီး သိရတဲ့အတွက် ကျနော်တို့အနေနဲ့ သိမ်းလိုက်တယ်” ပြောပါတယ်။

ကားပေါ်ပါလာတဲ့ နာရေးကူညီမှုယာဉ်မောင်းနဲ့ မြစိမ်းရောင်စီမံကိန်းက ကိုယ်စားလှယ် ၄ ဦးကိုတော့ ထိခိုက်မှုမရှိဘဲ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီငွေ သိန်း ၅၀၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနဆီ တင်ပြသွားမှာဖြစ်ပြီး သူတို့ရဲ့ ညွှန်ကြားချက်အရ လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒေသတခုဖြစ်တဲ့ ကော့သောင်းခရိုင်၊ ရှမ်းကိုးရွာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေရှိပြီး ထိတွေ့တိုက်ပွဲတွေတာကြောင့် ကားလမ်းတွေမှာ ခရီးသွားကား အပါအဝင် လူနာတင်ကားတွေပါ စစ်ဆေးမေးမြန်းခံရတာတွေ ကြုံရတယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013