Home
မြန်မာသတင်း
မြိုင်နှင့် မြင်းခြံတွင် စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေ
DVB
·
April 27, 2024
myein 2742024

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ကြောင်းနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရလို့ ၄ ယောက် သေဆုံးပြီး မြင်းခြံမြို့နယ်က တိုက်ပွဲတွေမှာတော့ စစ်သားနဲ့ပျူစောထီးတွေ ၂၀ နီးပါးသေဆုံး၊ ၅ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနဲ့ စက်တွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းတောမကျေးရွာတောင်ဘက်ကို ရိက္ခာရှာ ထွက်လာတုန်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်သား အယောက် ၂၀ လောက် ထွက်လာတာလို့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၃ ယောက် ပွဲချင်းပြီးသေဆုံးပြီး ပြန်ဆုတ်ခွာသွားသလို ဒဏ်ရာရသူတွေလည်းရှိတယ်လို့ Earthquake People's Defence Force ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ပုံမှန်ရိက္ခာရှာဖို့ထွက်လာတဲ့စစ်ကြောင်းပါ။ ပစ်ခတ်တိုက်ခိုက်ခံရပြီးတော့ စစ်သား ၃ ဦး နေရာတင်သေတယ်၊။ တခြားစစ်သားတွေက သေနတ်တွေကို ပြန်ကောက်ပြီးပြေးသွားတယ်။ အလောင်းတွေကိုတော့ ဒီနေ့မနက်ပိုင်းအထိလာမကောက်ဘူး။ သေနတ်တော့ယူပြေးသွားတယ်” လို့ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)၊ Earthquake People's Defence Force၊ Pakokku People's Defence Force၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ Pakokku Ranger၊ Pakokku Hunter၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ စင်္ကြာတပ်ဖွဲ့၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မြိုင်မြို့နယ် အခြေစိုက်စုဖွဲ့မှု တပ်ရင်းတပ်ဖွဲ့၊ မြိုင်ပကဖ တပ်ရင်း ၁ ခွဲ ၁၊ ခွဲ ၂ နဲ့ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဧပြီ ၂၆ ရက် မနေ့ မနက် ၉ နာရီ ဝန်းကျင်မှာလည်း မြိုင်မြို့နယ်က သရက်ကန်၊ ပျူစောထီးရွာနားမှာ နွားကျောင်းနေတဲ့ ပျူစောထီးများကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ ၁ ယောက် သေဆုံးခဲ့​တယ်လို့ မြိုင် - ပကဖ ဆီကနေ သိရပါတယ်။

ပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့ PDF ရဲဘော်တယောက်က “သရက်ကန်က ပျူရွာ။ ရွာရဲ့အနောက်တောင်ဘက် ဘန်ကာနားမှာ နွားကျောင်းထွက်လာကြတာ။ ကျနော်တို့ရဲဘော်တွေက စနိုက်ပါနဲ့ပစ်လိုက်တာ ပျူ ၁ ကောင် ခေါင်းထိပြီးလစ်သွားတယ်။ ကျန်ကောင်တွေက ရွာထဲဝင်ပြေးသွားကြတယ်” လို့ ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုကိုတော့ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁၊ တပ်ခွဲ ၂ (ဂဋုန်)၊ TYK ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ MRDF၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့နဲ့ Myaing Warriors တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ပေါင်းစုတွေက ဆင်မင်းစစ်ဆင်ရေးနဲ့ ဧပြီ ၂၀ ရက်နေ့ကစလို့ တပြိုင်တည်းတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၂၀ နီးပါး ထိခိုက်သေဆုံး၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိသလို ပျူစောထီး ၅ ယောက်ကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ MGN Tiger မြင်းခြံခရိုင်၊ တပ်ရင်း ၂ ဆီကနေ သိရပါတယ်။

တပ်ရင်း ၂ ​ရဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်က “ဧပြီ ၂၀ ရက်နေ့ကစပြီး ဆင်မင်းစစ်ဆင်ရေး အမည်နဲ့  မြင်းခြံမြို့နယ်ထဲက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၆၀ ဝန်းကျင်ရှိနေတဲ့ ဧရာဝတီမြစ်ကမ်းက ကြည်ရွာ၊ မြင်းခြံမြို့နယ်အခြေစိုက် ခမရ ၁၅၊ ဆီမီးခုံရေနက် ဆိပ်ကမ်းက စစ်ကောင်စီ သင်္ဘော ၂ စီးနဲ့ ရုံးအဆောက်အဦတို့ကို တပြိုင်တည်း တိုက်ခိုက်ခဲ့တာပါ” လို့ အတည်ပြု ပြောဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအင်အား ၆၀ ဝန်းကျင်ရှိတဲ့ မြင်းခြံမြို့မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးက ကြည်ရွာကို MGN Tiger နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်လို့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၁၅ ယောက်ဝန်းကျင် ထိခိုက်သေဆုံးနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြင်းခြံအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၅ ခမရ တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာတော့ ဂိတ်ကင်းတဲကိုထိမှန်ပြီး စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးသလို ​ဆီမီးခုံရေနက်ဆိပ်ကမ်းက စစ်ကောင်စီသင်္ဘော ၂ စီး၊ ရုံးအဆောက်အဦနဲ့ စစ်ကောင်စီ စခန်းချတဲ့နေရာတွေကို ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တယောက်က “ကြည်ရွာတိုက်ပွဲမှာ မြင်းခြံခရိုင်၊ အမှတ် ၂ တပ်ရင်းက ရဲဘော်အာကာမင်း ကျဆုံးခဲ့ပြီး ရဲဘော် ၅ ယောက် လည်း ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ကြည်ရွာစခန်းသိမ်းတိုက်ပွဲကနေ ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၉ လုံး၊ MA 3 သေနတ် ၂ လက်၊ ၅ ဒသမ ၅၆ ကျည် ၁၂၅ တောင့်သိမ်းဆည်းရရှိခဲ့တယ်လို့ (MGN Tiger) မြင်းခြံခရိုင်၊ တပ်ရင်း ၂ ဆီကနေ သိရပါတယ်။

ဧပြီ ၂၂ ရက်နေ့ကလည်း မြင်းခြံမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့​တယ်လို့ သိရပါတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့တာဝန်ခံက “စစ်ကောင်စီတပ်သား အင်အား ၈၀ ၀န်းကျင်ပါတဲ့ စစ်ကြောင်းကို သိမ်ဒိုင်ရွာနဲ့ ရွာသစ်ရွာကြားမှာရယ်၊ မရိုးကုန်းရွာအနောက်ဘက် ကိုင်းတော အတွင်းမှာရယ် ၂ ကြိမ် တိုက်ပွဲဖြစ်ခဲ့တာပါ။ ခွေး ၇ ကောင်သေပြီး ၃၀ လောက် ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေကို ဖောကားနဲ့သယ်ဆောင်သွားတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကို MBTတပ်ဖွဲ့၊ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ မြွေပွေးပြောက်ကျားတပ်ဖွဲ့ (LPDF)နဲ့ ငါးဇွန်မြို့နယ် တပ်ရင်း (၆) တပ်ခွဲ (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013