Home
မြန်မာသတင်း
တွံတေးခရိုင်၌ စစ်ကောင်စီက ညမထွက်အမိန့်တိုးမြှင့်၊ ဘူးသီးတောင်နှင့် မောင်တောတွင် ညမထွက်ရ အမိန့် AA ထုတ်ပြန်
DVB
·
April 27, 2024
marical 2762024

ရန်ကုန်တိုင်းဒေသကြီး တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေ ပါဝင်တဲ့ တွံတေးခရိုင်တခုလုံးကို ဧပြီ ၂၅ ရက်မှ စတင်ကာ စစ်ကောင်စီက ပုဒ်မ ၁၄၄  ညမထွက်ရအမိန့် တိုးမြှင့် ထုတ်ပြန်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

တွံတေးခရိုင် ၅ မြို့နယ်မှာ အရင်က ညမထွက်ရအမိန့်ကို ည ၁ နာရီမှ မနက် ၃ နာရီအထိ ထုတ်ပြန်ထားရာကနေ  ဧပြီ ၂၅ ရက်မှစတင်ကာ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း တိုးမြှင့်ထုတ်ပြန်လိုက်တယ်လို့  တွံတေးမြို့ခံတဦးက  ပြောပါတယ်။

"အသံချဲ့စက်တွေနဲ့ လိုက်အော်တာ စစ်ကားတွေရော၊ ရဲကားတွေရောပါတယ်။ ည ၁၀ နာရီဆိုပေမဲ့ ၈ နာရီခွဲလောက်ကတည်းက စစ်တပ်က ကားနဲ့ လှည့်တာ သူတို့ကားနဲ့တိုးရင် ဖုန်းတွေယူစစ် သူတို့မူးနေတဲ့အချိန်နဲ့ကြုံရင် ရိုက်တာနှက်တာတွေလုပ်တယ်"ပြောပါတယ်။

ဒလမြို့နယ်မှာ ညမထွက်ရအမိန့် လိုက်လံကြေညာတဲ့ စစ်တပ်ဟာ  မြို့ခံလူထုပိုမိုကြောက်လန့်ပြီး အပြင်မထွက်ရဲအောင် သေနတ်တွေပစ်ဖောက်ကာ ကြေညာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အဲ့ညက လိုက်ကြေညာတာ စစ်တပ်က သေနတ်မိုးပေါ်ထောင်ပြီး ငါးချက်ဖောက်ပြတယ်။ မင်းတို့မထွက်နဲ့ ထွက်ရင် သေနတ်စာမိမယ်ပေါ့။ ဒလမှာသိပ်မထွက်ရဲဘူး။ ဖမ်းဆီးတာတွေ ရှိတယ်။”

ကွမ်းခြံကုန်းမြို့နယ် ကသစ်ကုန်းကျေးရွာမှာ ဧပြီ ၂၄ ရက် ည ၈ နာရီက ရာအိမ်မှူးမိသားစု ပစ်ခတ်ခံရပြီးနောက် အခုလို ညမထွက်ရ အမိန့်အချိန်တိုးမြှင့် ထုတ်ပြန်ခဲ့တာပါ။

အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက "ကသစ်ကုန်းက ရာအိမ်မှူး အပစ်ခံရပြီးတော့ တိုင်းကနေ ပုဒ်မ ၁၄၄ အချိန် ပြောင်းဖို့ ညွှန်ကြားတာ။ ကွမ်းခြံကုန်းတခုတည်း ထုတ်လို့မရဘူး။ တဆက်တည်းဖြစ်တဲ့ ဒလအထိ ပါထုတ်လိုက်တာ ကွမ်းခြံကုန်း-ဒေးဒရဲတံတားမှာလည်း လုံခြုံရေးတိုးထားတယ် "လို့ ရှင်းပြပါတယ်။

ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးအုပ်စု၊ ကသစ်ကုန်းကျေးရွာမှာ ဧပြီ ၂၄ ရက်ည ၈ နာရီက ရာအိမ်မှူး နေအိမ်ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရာအိမ်မှူးအပါအဝင် ၂ ဦးသေဆုံးကာ တဦးဒဏ်ရရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှာ ညမထွက်ရအချိန်ကို  ည ၁ နာရီမှ ၃ နာရီကို ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းရှိ ကိုကိုးကျွန်းမပါ ၄၄ မြို့နယ်ကို အရင်က ည ၁၂  နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကိုထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ရေးပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့နယ်မှာလည်း  ဧပြီ ၂၆ ရက်ကစပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မွတ်ဆလင် လက်နက်ကိုင်တွေနဲ့ စစ်သင်တန်းဆင်း မွတ်ဆလင်တွေက  တဖွဲ့ချင်း အနေနဲ့ဖြစ်ဖြစ်  စစ်ကောင်စီနဲ့ ပူးပေါင်းပြီးဖြစ်ဖြစ် AA တပ်တွေကို တိုက်ခိုက် လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီအဖွဲ့တွေဟာ မွတ်ဆလင်မဟုတ်တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောင်ထွက်ခိုးယူပြီး မီးရှို့ဖျက်ဆီးတာတွေအပြင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံရေးကိုပါ ခြိမ်ခြောက်လာတဲ့အတွက် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ၂ ခုကို ဧပြီ ၂၆ ရက်နေ့ကတည်းကနေ ည ၇ နာရီမှ မနက် ၆ နာရီအထိ ညမထွက်အမိန့်ထုတ်ပြန်လိုက်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ညမထွက်ရအမိန့်ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းတယ်လို့ အမိန့်မထုတ်မချင်း လိုက်နာရမှာဖြစ်ပြီး ပျက်ကွက်သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့ ဆိုထားပါတယ်။

ပြည်သူတွေအနေနဲ့ ညအချိန်အတွင်း မဖြစ်မနေ သွားလာရမယ်ဆိုပါက သက်ဆိုင်ရာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုတင်အကြောင်းကြားပြီး ထောက်ခံချက်ရယူပြီးမှ သွားလာရဖို့ကို AA က တိုက်တွန်ထားပါတယ်။

AA က ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် များစွာအကျိုးပြုနိုင်ပဲမဲ့ တဖက်မှာ စားဝတ်နေရေးအတွက် အခက်အခဲ ရှိလာနိုင်တယ်လို့ ဘူးသီးတောင်ဒေသခံတဦးကပြောပါတယ်။

“AA ရဲ့ ညမထွက်ရ အမိန့်ကတော့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အများကြီး အကျိုးသက်ရောက်မှုရှိလာနိုင်တယ်။ ဒါပေမဲ့ မရှိဆင်းရဲသား တံငါသည်တွေအတွက်တော့ ညအတွက်တွေမှာ အလုပ်လုပ်လို့ မရနိုင်တာကြောင့် စားဝတ်နေရေးတွေက ကျပ်တည်းမှုတော့ ရှိလာနိုင်တယ် ဒါပဲ။ ဒီလိုကာလမှာ မိသားစု အသက်၊ အိုးအိမ် လုံခြုံနိုင်ဖို့က အရေးအကြီးဆုံးပဲ။”

ရခိုင်ပြည်နယ် အမ်း၊ သံတွဲ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA တပ်တို့ တိုက်ပွဲတွေ နေ့စဥ်ရက်ဆက်ဖြစ်ပွားနေပြီး အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ ၁၅) ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတဲ့ ဘူးသီးတောင်တိုက်ပွဲမှာ ပိုပြီးပြင်းထန်နေပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ စစ်ရှုံးလာတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားအောင် ကြိုးစားလာသလို၊ မွတ်ဆလင်တွေကိုလည်း စစ်သင်တန်းတွေ​ပေးပြီး တိုက်ပွဲတွေမှာ အသုံးပြုလာကာ  မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတာတွေ စတဲ့ ယုတ်ညံ့တဲ့ နိုင်ငံရေးအောက်လုံးတွေကို သုံးပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်ဆောင် လာနေတယ်လို့ AA က ပြောထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်တိုက်တို့မှာ တိုက်ပွဲကာလ ၅ လ​ကျော်အတွင်း AA က မြို့နယ် ၉ ခုအထိ သိမ်းပိုက်ရရှိထားပြီး နောက်ထပ်မြို့နယ် ၄ ခုထက်မနည်းကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013