ဗြိတိန်ဘုရင် ချားစ်ဟာ ကင်ဆာရောဂါကုသမှု ခံယူပြီးတဲ့နောက် ကာလအတန်အကြာ အနားယူ အပြီးမှာ ရှေ့တပတ်ကစပြီး တိုင်းပြည်တာဝန်တွေ ပြန်ထမ်းဆောင်မယ်လို့ ဘက်ကင်ဟမ် နန်းတော်က ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
သက်တော် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ချားစ်ဘုရင်ဟာ ဆီးကြိတ်ကြီးတဲ့အတွက်ခွဲစိတ်ကုသမှုလုပ်အပြီးမှာ စစ်ဆေးမှုတွေအရ ကင်ဆာရောဂါဖြစ်ပွားနေတာတွေ့ရှိရတဲ့အတွက် ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။
ကင်ဆာအမျိုးအစားကို တရားဝင်ထုတ်ပြန်မကြေညာခဲ့ဘဲ ကုသမှုခံယူပြီးအနားယူနေတယ်လို့သာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အခုအခါမှာ ကုသမှုတွေ ဆက်လုပ်ရမှာဖြစ်ပေမဲ့ ဆရာဝန်တွေက ကျန်းမာရေးအခြေအနေကို အားရတဲ့အတွက် ပုံမှန် အများပြည်သူနဲ့ တွေ့ဆုံရတဲ့ တာဝန်တွေ ထမ်းဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ နန်းတော်ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ပုံမှန် ပွဲတက်တာတွေနားထားပေမဲ့ ပြီးခဲ့တဲ့လကလည်း ဝင်ဆာရဲတိုက်မှာ အီစတာပွဲတော်ကာလ ဆုတောင်းသူတွေကို ဘုရင်က ခဏထွက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။
ပုံမှန် လူမှုရေးလုပ်ငန်းတွေ ထမ်းဆောင်မှုအဖြစ် လာမဲ့ အင်္ဂါနေ့မှာ ချားစ်ဘုရင် နဲ့ မိဘုရား ကမီလာဟာ လန်ဒန်မှာရှိတဲ့ ကင်ဆာကုသရေးစင်တာ တခုမှာ သွားရောက် အားပေး စကားပြောမှာ ဖြစ်ပါတယ်။
ဘုရင့်ချွေးမတော် ဝေလမင်းသမီးကက်သရင်းမှာလည်း ကင်ဆာရောဂါတွေ့ရှိတဲ့အတွက် ကာကွယ်တဲ့ ဓာတ်ကင်ကုထုံးတွေလုပ်ဆောင်နေရပါတယ်။ အိမ်ရှေ့စံ ဝီလျံမင်းသားရဲ့ ကြင်ယာတော်ဟာလည်း ဆေးအဖွဲ့ညွှန်ကြားချက်အရ လူမှုရေးတာဝန်တွေက အနားယူ နေရပါတယ်။
Source/Photo - Reuters